ဆေးတက္ကသိုလ်တက်ခွင့်ရသူများ အချိန်မီကျောင်းအပ်ရန်ကြေညာ

 (၂၀၂၂)ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီး ဆေးတက္ကသိုလ်တွေနဲ့ ဆေးပညာနှီးနွှယ်တက္ကသိုလ်တွေကို တက်ရောက် ခွင့်ရရှိသူတွေအနေနဲ့ အချိန်မီ ကျောင်းအပ်နှံဖို့ ကျန်းမာရေးဝန်ကြီးဌာနက အသိပေးကြေညာချက် ထုတ်ပြန်ပါတယ်။ အဲဒီသင်တန်းတွေကို နိုဝင်ဘာ(၂၁)ရက်နေ့မှာ စတင်ဖွင့်လှစ်တော့မှာဖြစ်တာကြောင့် သက်ဆိုင်ရာတက္ကသိုလ် အသီးသီးမှာ နိုဝင် ဘာ(၈)ရက်နေ့ကစပြီး ကျောင်းအပ်နှံနိုင်တယ်လို့ထုတ်ပြန်ထားပါတယ်။

Covid-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ်(၄၄) ဦး တွေ့ရှိ

COVID-19 ဓာတ်ခွဲနမူနာ ၆၉၅၁  ခုအားစစ်ဆေးရာ အတည်ပြုလူနာသစ် ၄၄ ဦး တွေ့ရှိ ကြောင်း ကျန်းမာရေး ဝန်ကြီးဌာန၏ နိုဝင်ဘာ ၇ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ဓာတ်ခွဲစစ်ဆေးမှုများမှာ နိုဝင်ဘာ ၆ ရက်  ည ၈ ညနာရီမှ နိုဝင်ဘာ ၇ ရက် ည ၈ နာရီအထိ စစ်ဆေးခဲ့သည့် စစ်ဆေးမှုများဖြစ်ကြောင်း သိရသည်။

တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ၃ ရက်ကြာကျင်းပမည်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော်ကို လာမယ့်နိုဝင်ဘာ ၇ ရက်ကနေ ၉ ရက် အထိ သုံးရက်ကြာ ကျင်းပသွားမယ်လို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဆီက သိရပါတယ်။ အဲဒီပွဲတော်မှာတော့ မီးပဒေသာ လှည့်လည်ပူဇော်ပွဲ၊ စိန်နားပန်အလှမီး လွှတ်တင်ပူဇော်ပွဲ၊ မသိုးသင်္ကန်းရက်လုပ်ပူဇော်ပွဲတွေ ပြုလုပ်သွားမှာပါ။ အဝေရာ မီးပုံးပျံကွင်းမှာတော့ ဈေးဆိုင်ခန်းတွေနဲ့မီးပုံးပျံလွှတ်တင်တာတွေ ပြုလုပ်သွား မယ်လို့ဆိုပါတယ်။

မြန်မာ့မီးရထားမှ လက်မှတ်များအား Online စနစ်ဖြင့်ရောင်းချရန် စီစဉ်လျက်ရှိ

ရန်ကုန်ဘူတာကြီးမှတဆင့် အနယ်နယ်အရပ်ရပ်သို့ ပြေးဆွဲပေးလျက်ရှိသည့် မြန်မာ့မီးရထားမှ ရထား လက်မှတ်များ အား Online စနစ်ဖြင့် ရောင်းချရန်စီစဉ်လျက်ရှိကြောင်း မြန်မာ့မီးရထားမှ သိရသည်။

“မီးရထားရုံးချုပ်ကတော့ အွန်လိုင်းစနစ်နဲ့ရောင်းဖို့ စီစဉ်နေပါတယ် အခုမှအစပျိုးစီစဥ်နေတာပဲရှိပါတယ်”ဟု မြန်မာ့မီးရထားမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ပုဂ္ဂလိကဘဏ်များက ပြည်ပမှလုပ်ခလစာလွှဲ ပြောင်းရာတွင် နိုင်ငံတော်ကပံ့ပိုးပေးသည့် အပိုဆောင်းငွေကိုပါ ထည့်သွင်းပေးလျက်ရှိ

ပြည်ပနိုင်ငံများတွင် သွားရောက်အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများ မြန်မာနိုင်ငံသို့ နိုင်ငံခြားသုံး ငွေရောင်းဝယ် ဖောက်ကားသည့် လုပ်ငန်းလိုင်စင်ရဘဏ်များမှ တစ်ဆင့် လုပ်ခလစာလွဲပြောင်းပေးရာတွင် နိုင်ငံတော်မှပံ့ပိုးပေးသည့် အပိုဆောင်းငွေကိုပါ ထည့်သွင်းပေးလျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံသားများအနေဖြင့် မိသားစုဝင်များထံ လုပ်ခလစာလွှဲပို့ရာတွင် အမေရိကန် ၁ ဒေါ်လာ (သို့) ၎င်းနှင့် ညီမျှသည့် နိုင်ငံခြားငွေအပေါ်တွင် ပုဂ္ဂလိကဘဏ်များက နိုင်ငံတော်မှပံ့ပိုးပေးသည့် အပိုဆောင်းငွေ ၃၀ ကျပ် ကိုလည်း ငွေလွှဲထုတ်ယူသည့်အခါတွင် ထပ်မံထည့်သွင်းပေးလျက်ရှိကြောင်း သိရသည်။

အချက်အလက်မှန်ကန်စွာ ဖြည့်စွက်ထားခြင်းမရှိသည့် SIM Card များ ပိတ်သိမ်းမည်ဖြစ်၍ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၃၁ ရက် နောက်ဆုံးထား ပြင်ဆင်ရန် ထုတ်ပြန်

အချက်အလက်မှန်ကန်စွာ ဖြည့်စွက်ထားခြင်းမရှိသည့် SIM Card များ ပိတ်သိမ်းမည်ဖြစ်၍ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နောက်ဆုံးထား ပြင်ဆင်ရန် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးမှုဌာနက နိုဝင်ဘာ ၃ ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။

တောင်ကိုရီးယားသို့ မြန်မာလုပ်သား ၁၀၀ ကျော် ထပ်မံရောက်ရှိ

တောင်ကိုရီးယားနိုင်ငံတွင် ကုန်ထုတ်လုပ်သား၊ Re-entry လုပ်သားအဖြစ် ဝင်ရောက်လုပ်ကိုင်မည့် မြန်မာလုပ်သား ၁၀၉ ဦးသည် နိုဝင်ဘာ ၁ ရက်က တောင်ကိုရီးယားနိုင်ငံသို့ ထပ်မံရောက်ရှိခဲ့ကြောင်း ဆိုးလ်မြို့ မြန်မာသံရုံးက သတင်းထုတ်ပြန်ထားသည်။

သာကေတ၊ဒဂုံဆိပ်ကမ်းတို့အပါအဝင် နေရာ ၃ ခု၌ ကလေး၊လူကြီး ၁၀၀ ဦးခန့်အစာအဆိပ်သင့်၍ ဆေးရုံများသို့ ပို့ဆောင်ခဲ့ရ

ရန်ကုန်တိုင်း၊သာကေတမြို့နယ်၊ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်တို့အပါအဝင် နေရာ ၃ ခု၌ နိုဝင်ဘာ ၂ ရက် မွန်းတည့်ပိုင်းက ကလေး၊လူကြီး ၁၀၀ ဦးခန့်အစုလိုက်အပြုံလိုက် အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့သဖြင့် ဆေးရုံများသို့ ပို့ဆောင်ပေးခဲ့ရကြောင်း သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့မှ သိရသည်။

သာကေတမြို့နယ်၊(၁၀)မြောက်ရပ်ကွက်ရှိ အ.မ.က(၂ ၉)တွင် နေ့လည်ပိုင်းက လာရောက်လှူဒါန်းသည့် ကြာဆံကြော်စားမိရာမှ ကလေးငယ်များ အစာအဆိပ်သင့်ခဲ့၍ ရန်ကင်း ကလေးဆေးရုံနှင့်ဟယ်ပင်ဆေးရုံတို့သို့ ပို့ဆောင်ပေးခဲ့ရကြောင်း သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့မှ သိရသည်။

Beibu ပင်လယ်ကွေ့ဆိပ်ကမ်းနှင့် မြန်မာနိုင်ငံ တိုက်ရိုက်ရေကြောင်းလိုင်း တရားဝင်ဖွင့်လှစ်

ကွမ်ရှီးပြည်နယ် Beibu ပင်လယ်ကွေ့ဆိပ်ကမ်း ချင်းကျိုးဆိပ်ကမ်းဇုန်သို့ ရန်ကုန်မြို့မှ တိုက်ရိုက်ရေကြောင်း ကုန်စည်ပို့ဆောင်ခြင်းကို အောက်တိုဘာ ၂၈ ရက်က ဖွင့်လှစ်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ  နိုဝင်ဘာ ၁ ရက်က ထုတ်ပြန်ခဲ့သည်။

ရန်ကုန်မြို့မှ ချင်းကျိုးဆိပ်ကမ်းဇုန်သို့ SITC Venus သင်္ဘောစတင်ရောက်ရှိခြင်း​ဖြင့် ဖွင့်လှစ်နိုင်ခြင်းဖြစ်ကြောင်း ဆိုထားသည်။

Covid-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ်(၈၁) ဦး တွေ့ရှိ

(၃၁-၁၀-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁-၁၁-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၉,၇၅၇) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၈၁) ဦး တွေ့ရှိရသဖြင့် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၈၃) ရာခိုင်နှုန်း ရှိပါသည်။