၂၁ ရာစု ပင်လုံညီလာခံ ခြောက်လတစ်ကြိမ် ကျင်းပမည်

၂၁ ရာစု ပင်လုံညီလာခံကို ခြောက်လတစ်ကြိမ် ဆွေးနွေး၍ ကျင်းပသွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ ဒုညွန်ချုပ် ဦးဇော်ဌေးက ပြောသည်။

ယနေ့ ပြုလုပ်သော UPDJC အစည်းအဝေး ပထမရက်အပြီးတွင် ၎င်းက မီဒီယာများကို ပြောကြားခြင်း ဖြစ်သည်။

ယနေ့ ဆုံးဖြတ်ချက်တွင် NCA လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်များကိုလည်း ညီလာခံ တက်ရောက်ခွင့်ရရန် နိုင်ငံတော်အတိုင်ပင်ခံက သဘောတူပေးခဲ့ပြီး ၎င်းတို့နှင့်အတူ မူဘောင်ပြင်ဆင်ချက်များ ရှိနေပါက ပြင်ဆင်နိုင်ရန် စောင့်ဆိုင်းညှိနှိုင်းသွားမည် ဖြစ်ကြောင်း ၄င်းက ရှင်းပြသည်။

ညီလာခံကို သြဂုတ် ၃၁ ရက်တွင် စတင်ကျင်းပပြီး ကျင်းပရက် ငါးရက် သတ်မှတ်ထားကြောင်း၊ တက်ရောက် မည့်သူများကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် ဖိတ်ကြားပေးမည် ဖြစ်ကြောင်း၊ လက်ရှိတွင် အစိုးရ၏ မူသဘောကို လက်မခံသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့မှ TNLA သာ ရှိနေပြီး NCA လက်မှတ်မထိုးသေးသည့် အဖွဲ့တို့နှင့် ယခုလာမည့် ၂၁ ရက်နှင့် ၂၂ ရက်တွင် တွေ့ဆုံညှိနှိုင်းရန် စီစဉ်ထားကြောင်း ၎င်းက ထပ်လောင်းပြောသည်။

ခြောက်လတစ်ကြိမ် ကျင်းပမည့် ညီလာခံကို အစိုးရသက်တမ်းတစ်ခုအတွင်း ပြုလုပ်သွားမည်ဖြစ်ပြီး အခြေအနေ အရ တစ်စိတ်တစ်ပိုင်းကို သဘောတူသည်ဖြစ်စေ၊ အားလုံးကို သဘောတူသည်ဖြစ်စေ ပြည်ထောင်စုလွှတ်တော် သို့တင်ပြ၍ ညီလာခံမှ ထွက်ပေါ်လာမည့် ဖဒရယ်ဒီမိုကရေစီ အခြေခံဥပဒေကို အတည်ပြုချက် ရယူသွားမည် ဖြစ်ကြောင်း သိရသည်။

#The Voice


Leave a Reply