အသစ်ပြဋ္ဌာန်းမည့် ရင်းနှီးမြှုပ်နှံမှုဥပဒေကြမ်းတွင် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုများ အစိုးရသိမ်းယူပါက လုပ်ဆောင်မည့် အချက်များကို ထည့်သွင်းထားဟုဆို

ပုဂ္ဂလိကပိုင် ရင်းနှီးမြှုပ်နှံမှုများကို သိမ်းယူမည်ဆိုပါက ဈေးကွက်ပေါက်ဈေးနှင့်အညီ အစိုးရက လျော်ကြေးပေး ရမည်ဟု မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေကြမ်းတွင် ထည့်သွင်းရေးဆွဲထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောသည်။

အများပြည်သူ တောင်းဆိုမှုကြောင့် ရွှေတိဂုံစေတီတော်အနီး ဒဂုံစီးတီးစီမံကိန်းကို ရပ်ဆိုင်းရာတွင် ယခင်အစိုးရ အနေဖြင့် အခက်အခဲများစွာ ကြုံတွေ့ခဲ့ရပြီး စီမံကိန်းရပ်ဆိုင်းရသဖြင့် အစိုးရကို တရားမစွဲရန် ညှိနှိုင်းဆောင် ရွက်ခဲ့ရသည်ဟု ဦးအောင်နိုင်ဦး က ပြောသည်။ ‘‘ဥပဒေမှာ တရားဝင်ပြဋ္ဌာန်းထားရင် နောက်ပိုင်း ပြဿနာတွေက ဖြေရှင်းရတာလွယ်တာပေါ့’’ ဟု ဦးအောင်နိုင်ဦး က ပြောကြားသည်။

လျော်ကြေးပမာဏ သတ်မှတ်ရာတွင် အများပြည်သူနှင့် ရင်းနှီးမြှုပ်နှံသူ၏ အကျိုးစီးပွားအကြား မျှတသောအခြေအနေအပေါ် အခြေခံပြီး ရင်းနှီးမြှုပ်နှံထားသော ကာလတစ်လျှောက်ရရှိခဲ့သည့် အမြတ်ငွေနှင့် ရင်းနှီးမြှုပ်နှံမှုသက်တမ်းပါ ထည့်သွင်းစဉ်းစားရမည်ဟုပါရှိကာ ပစ္စည်းသိမ်းယူရသည့် အကြောင်းရင်း၊ ရည်ရွယ်ချက် ကိုလည်း ဖော်ပြရမည်ဟု ဥပဒေကြမ်းတွင်ပါရှိသည်ဟု ဆိုသည်။

အစိုးရသစ်လက်ထက်တွင် အသစ်ပြဋ္ဌာန်းမည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်း၌ ပုဂ္ဂလိကပိုင် ပစ္စည်းသိမ်းယူမှုနှင့်ပတ်သက်၍ အခြေအနေလေးရပ်ကို တရားဝင်ဖော်ပြထားကာ အများပြည်သူ အတွက် လိုအပ်ချက်ရှိနေခြင်း၊ ခွဲခြားမှုမရှိဘဲ ဆောင်ရွက်ခြင်း၊ သိမ်းယူသည့်အခြေ ပစ္စည်းကိုမျှတ၍ ပြည့်စုံလုံလောက်သော လျော်ကြေးလျင်မြန်စွာ ပေးချေခြင်း၊ တည်ဆဲဥပဒေနှင့်အညီ ဆောင်ရွက်ခြင်း ဟု အချက်လေးချက် ပြဋ္ဌာန်းထားသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေတွင် အထက်ပါအခြေအနေလေးရပ်မှအပ ရင်းနှီးမြှုပ်နှံမှုများ သိမ်းယူခြင်း၊ နိုင်ငံပိုင် ပြုလုပ်ခြင်းမပြုလုပ်ဟု တရားဝင်ဖော်ပြထားသည်။

ယင်းအချက်များကို ဥပဒေအတွင်း ထည့်သွင်းရေးဆွဲရခြင်းသည် အာဆီယံသဘောတူညီချက်ကို အခြေခံပြီး ရေးဆွဲထားခြင်းဖြစ်ပြီး ဥပဒေအရ ရင်းနှီးမြှုပ်နှံမှုများကို မသိမ်းယူဟု ဥပဒေတွင် ရေးဆွဲ ထားသော်လည်း အကြောင်းအမျိုးမျိုးကြောင့် ပြန်သိမ်းယူရမည့် အခြေအနေမျိုးဖြစ်လာပါက ဥပဒေ တွင် အတိအလင်း ပြဋ္ဌာန်းထားသည်ဟု ဦးအောင်နိုင်ဦးက ပြောသည်။


Leave a Reply