ပြည်ပအလုပ်အကိုင် ရှာဖွေရေးအေဂျင်စီ ခြောက်ခုကို လိုင်စင် ပိတ်သိမ်းဟုဆို

ပြည်ပအလုပ်အကိုင် ရှာဖွေရေးအေဂျင်စီခြောက်ခုကို အလုပ်သမားပြဿနာကိစ္စများနှင့်ပတ်သက်၍ လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ကို အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဌာနက ယခုနှစ်အတွင်းပိတ်သိမ်းထားကြောင်း မြန်မာနိုင်ငံ ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ (MOEAF) ထံမှ သိရသည်။

“ပိတ်သိမ်းတယ် ဆိုတာက လိုင်စင် စည်းကမ်းနဲ့ မညီလို့ပါ။ သူတို့တွေက ပြစ်ဒဏ်ပြည့်ရင်တော့ ပြန်လုပ်လို့ရမယ် အဓိကကတော့ အလုပ်သမားပြဿနာတွေကို ဖြေရှင်းတာမှာ တာဝန်ယူမှုအားနည်း လို့ ပိတ်တာပါ” ဟု MOEAF မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ဆိုသည်။

ယင်းသို့ လိုင်စင်ပိတ်သိမ်းခံရသော ကုမ္ပဏီခြောက်ခုတွင် မလေးရှား၊ ဒူဘိုင်း၊ စင်္ကာပူနိုင်ငံများသို့ လုပ်သား စေလွှတ်သည့် အေဂျင်စီတို့မှ ကုမ္ပဏီတစ်ခုစီပါဝင်ပြီး ထိုင်းနိုင်ငံသို့ လုပ်သားစေလွှတ်သည့် အေဂျင်စီ သုံးခု ပါဝင်ကြောင်း၊ လိုင်စင် ပိတ်သိမ်းသည့် ကာလများမှာ သုံးလ၊ ခြောက်လ၊ တစ်နှစ်နှင့် ၂ နှစ် စသဖြင့် အသီးသီးပါဝင်ကြောင်း MOEAF မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးထံမှ သိရသည်။

“အေဂျင်စီတွေကို ပိတ်သိမ်းတဲ့ နှစ်တွေက မတူပါဘူး။ အေဂျင်စီတွေရဲ့ အပြစ်ပေါ် မူတည်ပြီး ပြစ်ဒဏ် ချမှတ်တာ ဖြစ်ပါတယ်။အပိတ်ခံရတဲ့သူတွေ အများစုက ဝန်ကြီးဌာနရဲ့ စည်းကမ်းတွေကို လိုက်နာမှု အားနည်းတယ်” ဟု အလုပ်သမားညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

လက်ရှိတွင် အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာနက ဖြေရှင်းရသော အလုပ်သမားပြဿနာအများစု တွင် လုပ်ကိုင်ရသော နေရာကွဲလွဲမှု ရှိခြင်း၊ လုပ်ခလစာ မညီမျှခြင်း၊အေဂျင်စီများမှ အလုပ်ရှင် အလုပ် သမား ပြဿနာများတွင် တာဝန်ယူမှု အားနည်းခြင်းစသော ပြဿနာများကို အဓိကဖြေရှင်းနေရ ကြောင်းနှင့် ထိုင်းနိုင်ငံသို့ လုပ်သားစေလွှတ်သည့် အေဂျင်စီများနှင့် ပတ်သက်၍ ဖြေရှင်းရမှုပိုမို များပြားကြောင်း အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

လက်ရှိတွင် ပြည်ပ အလုပ်အကိုင် ရှာဖွေရေး လုပ်ငန်းလိုင်စင် ၂၅ဝ ကျော်ကို ခွင့်ပြုပေးထားပြီး လိုင်စင် သက်တမ်း ၂ နှစ်အထက်ရှိသော အေဂျင်စီများကိုသာ ထိုင်းနိုင်ငံသို့ လုပ်သား စေလွှတ် ခွင့်ပြုထားကြောင်း အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

ထိုင်းနိုင်ငံသို့ အလုပ်သမား စေလွှတ်နေသည့် လိုင်စင်ရ အေဂျင်စီ ၇ဝ ကျော် ရှိနေပြီး အလုပ် မလုပ်သည့် အေဂျင်စီ ၁၅ ခုခန့် ရှိကြောင်း MOEAF ထံမှသိရသည်။

The Voice Weekly


Leave a Reply