အထူးစီးပွားရေးဇုန်များ စီမံခန့်ခွဲရန် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့နှင့် လုပ်ငန်းအဖွဲ့ စတင်ဖွဲ့စည်း

အစိုးရသစ်ဖွဲ့စည်းပြီး ငါးလခွဲအကြာတွင် အထူးစီးပွားရေးဇုန်များစီမံခန့်ခွဲရန် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟို အဖွဲ့နှင့် ဗဟိုလုပ်ငန်းအဖွဲ့တို့ကို ဖွဲ့စည်းခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးက သြဂုတ် ၁၅ ရက်၌ ထုတ်ပြန်ကြေညာ ခဲ့သည်။

ဗဟိုအဖွဲ့တွင် ဒုတိယသမ္မတ(၂) ဦးဟင်နရီဗန်ထီးယူက ဥက္ကဋ္ဌ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး ၀န်ကြီးဌာန ၀န်ကြီးက ဒုတိယဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ကာ အခြားပြည်ထောင်စုအဆင့်ဝန်ကြီး ၁၀ ဦး၊ ပြည်ထောင်စုရှေ့နေချုပ် နှင့် သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်များဖြင့် ဖွဲ့စည်းခဲ့ကြောင်း နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ထုတ်ပြန်ကြေညာခဲ့သည်။

ဗဟိုအဖွဲ့ကို အထောက်အကူပြုမည့် ဗဟိုလုပ်ငန်းအဖွဲ့ကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၀န်ကြီး အား ဥက္ကဋ္ဌအဖြစ်တာဝန်ပေးထားပြီး ဒုဝန်ကြီး သုံးဦး၊ ဒုရှေ့နေချုပ်၊ အမြဲတမ်းအတွင်းဝန် ခုနစ်ဦးနှင့် ညွှန်ကြား ရေးမှူးချုပ်သုံးဦးတို့ အဖွဲ့ဝင်အဖြစ် ပါဝင်သည်။

အဆိုပါဗဟိုအဖွဲ့သည် မြန်မာအထူးစီးပွားရေးဇုန် ဥပဒေအရ အထူးစီးပွားရေးဇုန်များအတွက် အုပ်ချုပ်ရေး၊ လုံခြုံရေး၊ စီမံခန့်ခွဲရေးနှင့် စည်ပင်သာယာရေးတို့ကို အကောင်အထည်ဖော်ရမည်ဖြစ်သည်။ အထူးစီးပွားရေးဇုန် တည်ထောင်ရန် အဆိုပြုချက်၊ နေရာ၊ နယ်မြေဧရိယာအကျယ် အ၀န်းနှင့် နယ်နိမိတ်ပိုင်းခြား သတ်မှတ်ချက်တို့ကို စုစည်းရယူပြီး ဗဟိုအစိုးရထံသို့ တင်ပြရမည်ဖြစ်သည်။

ထို့အပြင် အဆိုပါဗဟိုအဖွဲ့သည် ဗဟိုလုပ်ငန်းအဖွဲ့များနှင့် စီမံခန့်ခွဲမှုကော်မတီများ ဖွဲ့စည်းပြီး စီမံကိန်း အစီအစဉ် များချမှတ်ခြင်းနှင့် ကြီးကြပ်ကွပ်ကဲခြင်းတို့ ပြုလုပ်ရမည်ဖြစ်သည်။ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအမျိုးအစားများ သတ်မှတ်ခြင်းနှင့် လုပ်ကိုင်ဆောင်ရွက်ခွင့်ပြုခြင်းတို့ ဆောင်ရွက်ရမည်ဖြစ်သည်။ ယင်းအပြင် အဆိုပါဗဟိုအဖွဲ့ သည် အထူးစီးပွားရေးဇုန်အတွင်း သုံးစွဲရမည့် ငွေကြေးအမျိုးအစား သတ်မှတ်ခြင်း၊ အခွန်အခများ၊ မြေငှားရမ်း ခနှင့် မြေအသုံးပြုခများ ကင်းလွတ်ခွင့်နှင့် သက်သာခွင့်များပေးခြင်း တို့ကိုလည်း ဆောင်ရွက်ရမည်ဟု ဖော်ပြ ထားသည်။

ဗဟိုလုပ်ငန်းအဖွဲ့သည် စီမံခန့်ခွဲမှုကော်မတီနှင့် ရင်းနှီးမြှုပ်နှံသူက တင်ပြလာသည့် အထူးစီးပွားရေးဇုန် တည် ဆောက်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအဆိုပြုချက်များ၊ အထူးဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများ စိစစ်ခြင်းတို့ ပြုလုပ် ရမည်ဖြစ်သည်။ ထိုစိစစ်ချက်ကို ဗဟိုအဖွဲ့သို့ တင်ပြရမည်ဟု နိုင်ငံတော်သမ္မတက တာဝန် ပေးထားသည်။

ထို့အပြင် အထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် စပ်လျဉ်း၍ အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေး၊ ဥပဒေ ဆိုင်ရာများနှင့် အခြားကိစ္စရပ်များကို စိစစ်၍ အကြံပြုတင်ပြရမည်ဖြစ်သည်။

‘‘ဥပဒေအရ မဖြစ်မနေဖွဲ့ရမယ့် အဖွဲ့တွေပါ။ ဒီအဖွဲ့တွေမရှိတော့ ဆက်သွယ်ဖို့ လမ်းကြောင်းတွေ ပျောက်နေတာပါ။ ဒါကြောင့် ကော်မတီဥက္ကဋ္ဌက အရေးကြီးတဲ့အဖွဲ့တွေ ဖွဲ့ဖို့ အကြံပြုခဲ့တာပါ’’ ဟု ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေးကော်မတီ အတွင်းရေးမှူး ဦးအောင်ကျော်သန်း က ပြောသည်။

အဆိုပါအဖွဲ့အစည်းများမရှိသဖြင့် လုပ်ငန်းဆက်လက်လုပ်ကိုင်ရန် ကြားကာလအတွင်း အခက်အခဲများရှိ ခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ လက်ရှိစီမံခန့်ခွဲရေးကော်မတီသည် လုပ်ကိုင်နိုင်သည်များကို ဆောင်ရွက်နေပြီး အစိုးရသစ်ညွှန်ကြားချက်ကို စောင့်နေသည်ဟု ဦးဟံစိန်က ပြောသည်။

လက်ရှိတွင် အထူးစီးပွားရေးဇုန်သုံးခု အကောင်အထည်ဖော်နေပြီး ယင်းတို့အနက် သီလ၀ါ အထူးစီးပွားရေးဇုန်မှာ စီးပွားဖြစ် လည်ပတ်နေပြီး ထားဝယ်အထူး စီးပွားရေးဇုန်မှာ တည်ထောင်မှုလုပ်ငန်း စတင်လုပ်နေသည်။ ကျောက်ဖြူအထူးစီးပွားရေးဇုန် မှာ တင်ဒါအောင်မြင်ထားသည့် အဆင့်သာရှိသည်။ 7 Day


Leave a Reply