သြစတြေးလျကလပ်အတွက် ပထမဆုံးပါဝင်ကစားသည့်ပွဲတွင် ယူစိန်ဘော့ (၂)ဂိုးသွင်းယူ

ဂျမေကာတာတိုအပြေးဘုရင် ယူစိန်ဘော့သည် ပရော်ဖက်ရှင်နယ်ဘောလုံးသမားတစ်ဦးဖြစ်လာရန် ခြေစွမ်း စမ်းသပ်ခံနေသည့် သြစတြေးလျကလပ် စင်ထရယ်ကို့စ်မာရီနာအသင်းအတွက် ပထမဆုံးပါဝင်ကစားသည့် ပွဲတွင် (၂)ဂိုးသွင်းယူနိုင်ခဲ့ကြောင်း သိရသည်။

အိုလံပစ်ရွှေတံဆိပ်(၈)ခုဆွတ်ခူးထားသည့် တာတိုအပြေးဘုရင် ယူစိန်ဘော့သည် စင်ထရယ်ကို့စ်မာရီနာအသင်းက မက်ကာသာဆောက်ဝက်စ်အသင်းအား (၄-၀)ဂိုးဖြင့်အနိုင်ရသည့် ခြေစမ်းပွဲတွင် ပထမဆုံးပါဝင်ကစားခဲ့ခြင်းဖြစ်ပြီး အသင်းအတွက် တတိယနှင့် စတုတ္ထအနိုင်ဂိုးကိုသွင်းယူပေးခဲ့ကာ အပြေးပြိုင်ပွဲများတွင် ပြုလုပ်လေ့ရှိသည့် ပုံစံအတိုင်း အောင်ပွဲခံခဲ့သည်။

အသက် (၃၂)နှစ်အရွယ်ရှိပြီဖြစ်သည့် ယူစိန်ဘော့က ” အလုပ်ကို ကြိုးကြိုးစားစားလုပ်ဆောင်ခဲ့ပြီးနောက် အိပ်မက်တွေက တကယ်ဖြစ်လာတာပါ။ ဒါက အသင်းအတွက် ကျွန်တော့်ရဲ့ပထမဆုံးပွဲစဉ်ပါ။ ဒီပွဲမှာပဲ (၂)ဂိုးသွင်းယူနိုင်ခဲ့တယ်။ တကယ့်ကို ကျေနပ်စရာပါ။ ဒီအသင်းမှာ ကျွန်တော့်ရဲ့တိုးတက်လာမှုအတွက် ပျော်ရွှင်မိပါတယ်။ အသင်းသားတစ်ဦးဖြစ်လာဖို့၊ အသင်းအတွက် အကောင်းဆုံးကစားပေးနိုင်ဖို့ မျှော်မှန်းထားပါတယ်” ဟု ပြောကြားခဲ့သည်။

စင်ထရယ်ကို့စ်မာရီနာအသင်း ဝင်ရောက်ယှဉ်ပြိုင်မည့် သြစတြေးလျ A- လိဂ်သည် လာမည့်အောက်တိုဘာ (၁၉)ရက်တွင်မှ ရာသီသစ်စတင်မည်ဖြစ်ပြီး ယူစိန်ဘော့အား တရားဝင် စာချုပ်ချုပ်ဆိုမည်၊ မချုပ်ဆိုမည်ကို မဆုံးဖြတ်ရသေးကြောင်း သိရသည်။