တိုက်စစ်မှူး ဒီယာ့ဇ် COVID-19 ကူးစက်ခံရဟု ရီးရဲလ်မက်ဒရစ် အတည်ပြု

တိုက်စစ်မှူးမာရီယာ နိုဒီယာ့ဇ် COVID-19 ကူးစက်ခံရသည်ဟု လာလီဂါချန်ပီယံ ရီးရဲလ်မက်ဒရစ်က အတည်ပြုသည်။ စပိန်-ဒိုမီနီကန်နိုင်ငံသား ဒီယာ့ဇ်(၂၆)နှစ်သည် ကျန်းမာရေးကောင်းမွန်ကြောင်းနှင့် နေအိမ်၌ သီးသန့်ခွဲခြား နေထိုင်နေကြောင်း ရီးရဲလ်အသင်း၏ ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

ဒီယာ့ဇ်သည် ဇူလိုင် ၁၉ ရက်က လီဟာနက်စ်နှင့် နှစ်ဂိုးစီသရေ ကျသောပွဲတွင် အရန်ကစားသမားများ စာရင်း၌ ပါဝင်သော်လည်း ထည့်သွင်းအသုံးပြုခြင်း မရှိပေ။

ရီးရဲလ်အနေဖြင့် သြဂုတ် ၇ ရက်တွင် ချန်ပီယံလိဂ် ၁၆ သင်း အဆင့် ဒုတိယအကျော့အဖြစ် မန်စီးတီးကွင်းသို့ သွားရောက် ကစားရမည်ဖြစ်သည်။ ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA)က ယခုကိစ္စနှင့်ပတ်သက်၍ အခြေအနေကို စောင့်ကြည့်နေသည်ဟုပြောသည်။  မိမိအနေဖြင့် အခြားအသင်းဖော်များနှင့် ဝန်ထမ်းများနှင့် ထိတွေ့ခြင်း မရှိခဲ့ဟု ဒီယာ့ဇ်ကပြော သည်။

ရီးရဲလ်မက်ဒရစ်က မန်စီးတီးနှင့်ပွဲကို စီစဉ်ထားသည့်အတိုင်း ရှေ့ဆက်နိုင်မည်ဟု မျှော်လင့်သော်လည်း ယင်းပွဲစဉ်ကစားမည်ဟု တထစ်ချယုံကြည်၍မရသေးပေ။

၂၀၁၈ က လိုင်ယွန်မှ ခေါ်ယူထားသည့် ဒီယာ့ဇ်သည် အရန်ကစားသမားတစ်ဦးဖြစ်ပြီး ၂၀၂၀  အတွင်း ပြိုင်ပွဲစုံ ခုနစ်ပွဲ အပါအဝင် စုစုပေါင်းပွဲ ၄၀ ကစားကာ ၁၀ ဂိုး  သွင်းယူပေးထားသည်။ Ref: BBC/Goal