မန်ယူအသင်းကို ပေါင်(၃.၇၅)ဘီလီယံဖြင့် ရောင်းထုတ်ရန် ဂလေဇာမိသားစု စျေးနှုန်းသတ်မှတ်လိုက်ပြီး ဒူဘိုင်းစော်ဘွားများ ဝယ်ယူရန် စီစဉ်နေ

မန်ယူအသင်းပိုင်ရှင် ဂလေဇာမိသားစုသည် ပရိသတ်များ၏ ဆန့်ကျင်ဆန္ဒပြမှုများနှင့် အကြိမ်ကြိမ်ရင်ဆိုင်ခဲ့ရပြီး နောက် အသင်းအား ရောင်းထုတ်ရန် ပြင်ဆင်လာပြီး ပေါင် (၃.၇၅)ဘီလီယံဟု စျေးနှုန်းသတ်မှတ်လိုက်ကြောင်း သိရသည်။

ဂလေဇာမိသားစုသည် မန်ယူအသင်းကို ပေါင်(၅)ဘီလီယံဝန်းကျင် ရရှိမှသာ ပြန်လည်ရောင်းထုတ်ဖွယ်ရှိသည်ဟု ထင်ကြေးပေးမှုများ ထွက်ပေါ်ခဲ့သော်လည်း ယခုအခါ ပေါင် (၃.၇၅)ဘီလီယံရရှိခဲ့ပါက ရောင်းထုတ်ရန် စီစဉ်နေပြီဖြစ်ကြောင်း ဗြိတိန်မီဒီယာများစွာက ဖော်ပြခဲ့ကြသည်။

အမေရိကန်လုပ်ငန်းရှင်များဖြစ်သည့် ဂလေဇာမိသားစုသည် မန်ယူအသင်းကို ၂၀၀၅ ခုနှစ်တွင် စတင်ပိုင်ဆိုင်ခဲ့ပြီး ကွင်းတွင်းကွင်းပြင် အောင်မြင်မှုများစွာ ရရှိခဲ့သော်လည်း ၎င်းတို့၏ အကျိုးစီးပွားကိုသာ အဓိကရှေးရှုသူများအဖြစ် မန်ယူပရိသတ်များက ယူဆခဲ့ကြပြီး အသင်းအနေဖြင့် အောင်မြင်မှုများနှင့် ဝေးကွာလာသည့် ယခုနောက်ပိုင်း ကာလများတွင် အသင်းမှထွက်ခွာရန် တစ်နည်းအားဖြင့် အသင်းကို ပြန်လည် ရောင်းထုတ်ရန် ဆန္ဒပြတောင်းဆိုမှုများ ပြုလုပ်ခဲ့ကြသည်။

ထို့ကြောင့် ဘီလျံနာလုပ်ငန်းရှင်အချို့က မန်ယူအသင်းကို ဝယ်ယူရန် စိတ်ဝင်စားနေကြောင်း သတင်းများ ထွက်ပေါ်ခဲ့ဖူးသော်လည်း ဂလေဇာမိသားစုက ယခုမှ ပြန်လည်ရောင်းထုတ်ရန် စီစဉ်လာခြင်းဖြစ်ကြောင်း သိရသည်။

မန်ယူအသင်းကို ဝယ်ယူရန် စိတ်ဝင်စားနေသူများထဲတွင် အစောပိုင်းက ဗြိတိန်၏ အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်သည့် ဂျင်မ်ရက်ကလစ်ဖ်က အလားအလာအကောင်းဆုံးဟု သတ်မှတ်ခံခဲ့ရသော်လည်း ယခုအခါ ဒူဘိုင်းစော်ဘွားများ ကလည်း အပြိုင်စိတ်ဝင်စားနေသည့်အပြင် အမှန်တကယ်ကမ်းလှမ်းမှု ပြုလုပ်ဖွယ်ရှိသည့်အတွက် ၎င်းတို့ဘက်ကို ပိုမိုအလေးသာလာကြောင်း ဗြိတိန်မီဒီယာအချို့က သုံးသပ်ခဲ့သည်။

အဆိုပါ ဒူဘိုင်းစော်ဘွားများမှာ ယူအေအီးနိုင်ငံဝန်ကြီးချုပ် ရှိတ်မိုဟာမက်ဘင်ရာရှစ်အယ်လ်မတ်တွန် ဦးဆောင်သည့် အုပ်စုဖြစ်ကြောင်း သိရသည်။