ကာဂျစ္စတန်-မြန်မာပွဲနှင့်ပတ်သက်၍ အေအက်ဖ်စီ၏ ဆုံးဖြတ်ချက်ကို မကျေနပ်ပါက အယူခံဝင်မည်

 

လုံခြုံရေးအခြေအနေကြောင့် ရွှေ့ဆိုင်းခဲ့ရသည့် ကာဂျစ္စတန်နှင့် မြန်မာအသင်းတို့၏ အာရှဖလားခြေစစ်ပွဲနှင့် ပတ်သက်၍ အာရှဘောလုံးအဖွဲ့ချုပ် (AFC)က နိုဝင်ဘာ ၂၄ ရက်တွင် ဆုံးဖြတ်မည်ဖြစ်သော်လည်း ဆုံးဖြတ် ချက်ကို မကျေနပ်ပါက အယူခံဝင်မည်ဟု မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက ပြောသည်။

အဆိုပါပွဲကို မူလက စက်တင်ဘာ ၅ ရက်တွင် ကာဂျစ္စတန်နိုင်ငံ၌ ကျင်းပရန် စီစဉ်ခဲ့သော်လည်း လုံခြုံရေး အခြေအနေကြောင့် ကာဂျစ္စတန်ဘောလုံးအဖွဲ့ချုပ်က ပွဲရွှေ့ဆိုင်းရန် တောင်းဆိုခဲ့ပြီး ပြန်လည်ကျင်းပမည့် ရက်၊ အချိန်နှင့် နေရာတို့ကို အာရှဘောလုံးအဖွဲ့ချုပ်က ရေးဆွဲ ထုတ်ပြန်မည်ဖြစ်သည်။

ယင်းပွဲဖြစ်ရပ်နှင့်ပတ်သက်ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က အာရှဘောလုံးအဖွဲ့ချုပ်ထံအချက်သုံးချက် တောင်းဆိုထားကြောင်း ၎င်းကဆိုသည်။ အဆိုပါ အချက်သုံးချက်သည် ကာဂျစ္စတန်နှင့် မြန်မာအသင်း ပြန်ကန်ပွဲကို ကြားကွင်း၌ ကစားရန် (သို့မ ဟုတ်) မြန်မာအသင်းအိမ်ကွင်း၌ ကစားရန် (သို့မဟုတ်) မြန်မာ အသင်းကို သုံးဂိုး၊ သုံးမှတ်ပေးရန် တို့ဖြစ်သည်။ ယင်းတောင်းဆိုချက်များကို အာရှဘောလုံးအဖွဲ့ချုပ်က အသိအမှတ်မပြုပါက အယူခံဝင်မည်ဖြစ်သည်။

 ‘‘လက်ရှိအနေအထားက အာရှဘောလုံးအဖွဲ့ချုပ်ရဲ့ ဆုံးဖြတ်ချက်ကို စောင့်ကြည့်ရမယ်။ သူတို့ဆုံးဖြတ်ချက် က ကျွန်တော်တို့အတွက် တရားမျှတမှုမရှိရင် အယူခံဝင်မယ်။ နှစ်ပေါင်း ၅၀ ကျော်ကြာမှ အာရှဖလားဝင်ခွင့် ရမယ့် အနေအထားကို အထိအခိုက်မခံနိုင်ဘူး’’ ဟု ဦးကိုကိုသိန်း က ပြောသည်။

အောက်တိုဘာ ၁၀ ရက်က ရန်ကုန်မြို့ သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်သည့် မြန်မာနှင့်ကာဂျစ္စတန် တို့၏ အာရှဖလား ခြေစစ်ပွဲ ဒုတိယအကျော့တွင် နှစ်ဂိုးစီ သရေကျခဲ့သည်။ မြန်မာအသင်းသည် ၂၀၁၉ အာရှဖလား တတိယ အဆင့် ခြေစစ်ပွဲ အုပ်စု(က)တွင် အိန္ဒိယ၊ ကာဂျစ္စတန်၊ မကာအိုအသင်းတို့နှင့် ကျရောက်နေခြင်းဖြစ်သည်။

အာရှဖလားခြေစစ်ပွဲအုပ်စု (က)တွင် အိန္ဒိယအသင်းက ပွဲစဉ်မကုန်မီ ခြေစစ်ပွဲအောင်မြင်ခဲ့ပြီးဖြစ်ပြီး ကာဂျစ္စ တန် အသင်းက ရမှတ်ခုနစ်မှတ်ဖြင့် အုပ်စု ဒုတိယ၊ မြန်မာအသင်းက ရမှတ် ငါးမှတ်ဖြင့် တတိယနေရာ၌ ရပ်တည်နေသည်။

(7days)