ပြည်သူများကို ကူညီပံ့ပိုးမည့်အစီအစဉ်အား ဂျာမနီအစိုးရထုတ်ပြန်

ဂျာမနီအစိုးရက စွမ်းအင်စျေး မြင့်မားမှုနဲ့ ငွေကြေးဖောင်းပွမှု လျော့ပါးသက်သာစေဖို့ ယူရို ၆၅ ဘီလီယံ ရင်းနှီး မြှုပ်နှံမယ့် အစီအစဉ်တစ်ရပ်ကို ကြေညာလိုက်ပါတယ်။ ဂျာမနီဟာ ခက်ခဲတဲ့ ကာလမှာ အတူတကွ ရပ်တည် သွားကြမှာဖြစ်တယ်လို့လည်း ဝန်ကြီးချုပ် အိုလက်ဖ်ရှိုးလ်က တနင်္ဂနွေနေ့မှာ အခုအစီအမံကြေညာရင်း ပြောဆို သွားခဲ့ပါတယ်။

အစီအစဉ်တွေထဲမှာ စားသုံးသူတွေ စွမ်းအင်စရိတ်ကာမိစေဖို့အတွက်ငွေကြေးပံ့ပိုးတာ၊ အိမ်ထောင်စုနဲ့ တသီးပုဂ္ဂလတွေရဲ့ အခြေခံ စွမ်းအင်သုံးစွဲမှုကို အခြေခံပြီး စျေးနှုန်းသတ်မှတ်တာ ၊ ၉ ယူရို လက်မှတ်လို့ခေါ်တဲ့ တစ်နိုင်ငံလုံးမှာ သယ်ယူပို့ဆောင်ရေးသုံးစွဲမှုစနစ်ကို ကိုးလကြာ လွတ်လပ်စွာ သုံးစွဲနိုင်မယ့် လက်မှတ် အရောင်းကိုယ်စားလှယ်ကြေညာတာ စတာတွေ ပါဝင်ပါတယ်။

ပြည်သူတွေအနေနဲ့ မြင့်တက်လာတဲ့ ကုန်စျေးကြောင့် ရုန်းကန်နေရတာကို သိရှိနားလည်ကြောင်းနဲ့ အစိုးရက ပြည်သူကိုကူညီဖို့ ပြင်ဆင်နေတဲ့အကြောင်းလည်း ဂျာမနီဝန်ကြီးချုပ်က အားပေးစကားပြောသွားခဲ့ပါတယ်။ ဒါ့အပြင် အလုပ်သမားတွေကို တစ်ကြိမ်တည်းထုတ်ပေးမယ့် ယူရို ၃၀၀ ကိုပံ့ပိုးပေးသွားမှာဖြစ်ပြီး တခြား အသက်မွေးဝမ်းကျောင်းအုပ်စုတွေကိုလည်း အဲဒီလိုငွေကြေးပံ့ပိုးမှု တစ်ကြိမ်ပေးဖို့ လုပ်သွားမယ့်ဆိုပါတယ်။

ပင်စင်စားတွေအနေနဲ့ ယူရို ၃၀၀ လက်ခံရရှိမှာဖြစ်ပြီး ကျောင်းသားတွေက ယူရို ၂၀၀ ရမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သီးတင်းပတ်တွေက ဂျာမနီအစိုးရအနေနဲ့ ပြည်သူတွေကို ကူညီထောက်ပံ့ပေးမယ်ဆိုတဲ့ ကတိကဝတ်ကို ဘယ်လို အကောင်အထည်ဖော်သွားမလဲဆိုတဲ့အပေါ် မေးခွန်းထုတ်ခံခဲ့ရပြီး ဖိအားတွေနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။