ကစားပုံ တစ်နေ့ထက် တစ်နေ့ ပိုကောင်းလာတယ်လို့ ဟာလက် ပြော

ရိုမေးနီးယား တင်းနစ်မယ် ဆီမိုနာ ဟာလက် က စပိန်နိုင်ငံ က တင်းနစ်မယ် ပေါ်လာ ဘာဒိုဆာကို ၆-၁၊ ၆-၂ နဲ့ အနိုင်ယူပြီး လန်ဒန်မြို့က ဝင်ဘယ်ဒန်ပြိုင်ပွဲ ကွာတားဖိုင်နယ်ကို တက်ရောက်သွားခဲ့ပါတယ်။ ဟာလက် က ဝင်ဘယ်ဒန်မှာ ဒုတိယမြောက် ဖလားရဖို့ ကြိုးစားနေပြီး ကွာတားဖိုင်နယ်မှာ အမေရိကန်သူ အမန်ဒါအာနီစီနိုဗာ နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။  “ဒီနေရာ က ကျွန်မရောက်ချင်ခဲ့တဲ့နေရာပါပဲ။ ကျွန်မ ပွဲကောင်းတစ်ပွဲ‌ ကစားခဲ့တယ်လို့ ထင်ပါတယ်။ သူနဲ့ ကစားရတာ အမြဲတန်းပဲ ခက်ခဲပါတယ်။” လို့ ဝင်ဘယ်ဒန် ပင်မကွင်းမှာ ကစားပြီးတဲ့နောက်မှာ ဟာလက် က ပြောပါတယ်။ ဟာလက် က ဒီပြိုင်ပွဲမှာ ပွဲငယ်တစ်ပွဲမှ မရှုံးသေးပေ။ “ ခုချိန်ထိ ကျွန်မ အဲဒါကို မစဉ်းစားမိပါဘူး။ ဒီပြိုင်ပွဲမှာ အခုအချိန်ထိ ကျွန်မကစားနေပုံကို အရမ်းကို ကျေနပ်မိပါတယ်။ တစ်နေ့ထက်တစ်နေ့ ပိုကောင်းလာသလို ခံစားရတယ်။”လို့ ၂၀၁၉ ခုနှစ်မှာ ဝင်ဘယ်ဒန် ချန်ပီယံ ဖြစ်ခဲ့တဲ့ ဟာလက် ကပြောပါတယ်။

သူက ၂၀၂၁ ခုနှစ် ဩစတြေးလျ အိုးပင်းနောက်ပိုင်း ဂရင်းဆလင်း ပြိုင်ပွဲတစ်ခုရဲ့ ကွာတားဖိုင်နယ်ကို ပြန်လည်တက်ရောက်လာတာဖြစ်ပြီး “ဒီလိုနေရာ ပြန်ရောက်လာခဲ့တာ အရမ်းပဲကောင်းပါတယ်။” လို့ ပြောကြားပါတယ်။