COVID ဆေးမှတ်တမ်းအရ ကစားသမားများကို ခွဲထားရန် ပရီးမီးယားလိဂ်ကလပ်များ စီစဉ်

ပရီးမီးယားလိဂ်ကလပ်အသင်းများသည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုကို ကာကွယ်တားဆီးရန်အတွက် နည်းလမ်းပေါင်းစုံကို စဉ်းစားနေကြပြီး ယင်းထဲတွင် COVID ကာကွယ်ဆေးမှတ်တမ်းအရ ကစားသမားများကို သီးခြားခွဲထားမည့် အစီအစဉ်လည်း ပါဝင်ကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။

ချယ်လ်ဆီးကစားသမားများဖြစ်သည့် ကွန်တေနှင့် လော့ဖ်တပ်ချိခ်တို့သည် COvID ကာကွယ်ဆေး ထိုးနှံထားခြင်းမရှိသောကြောင့် အသင်း၏ အမေရိက ရာသီကြိုခရီးစဉ်ကို လွဲချော်ခဲ့ရသည်။

ထို့ပြင် စင်ကာပူနှင့် သြစတြေးလျနိုင်ငံများသို့ ခြေစမ်းပွဲစဉ်များ သွားရောက်ကစားမည့် ခရစ္စတယ်ပဲလေ့စ်အသင်း၏ စီနီယာကစားသမား (၁၀) ဦးမှာလည်း COVID ကာကွယ်ဆေးထိုးနှံခြင်းမရှိသဖြင့် အသင်း၏ရာသီကြိုခရီးစဉ်ကို လိုက်ပါနိုင်ခြင်းမရှိကြောင်း သိရှိရသည်။

လာမည့်ဆောင်းရာသီမှာ ဥရောပတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှု မြင့်တက်လာမည်ဟု ပညာရှင်များ သုံးသပ်နေပြီး လာမည့်ရာသီတွင် ပရီးမီးယားလိဂ်နှင့် အင်္ဂလိပ်ဘောလုံးလိဂ်မှ ကစားသမားများအတွက် COVID ကာကွယ်ဆေးထိုးခြင်း၊ မထိုးခြင်းမှာ အဓိက ကျလာဖွယ်ရှိကြောင်း သိရသည်။

ထို့ကြောင့် ပရီးမီးယားလိဂ်ကလပ်အသင်းများသည် အသင်းတွင်း COVID ကူးစက်မှုကို ကာကွယ်ရန်အတွက် လေ့ကျင့်ရေးအဆောက်အအုံများတွင် အသင်းကစားသမားများကို ဆေးမှတ်တမ်းအလိုက် ခွဲခြားထားရန် စီစဉ်နေကြကြောင်း သိရှိရသည်။