G20 အစည်းအဝေးမတိုင်မီ ဗီယက်နမ်သို့သွားရောက်နေသည့် ရုရှားနိုင်ငံခြားရေးဝန်ကြီး

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လာရော့ဗ်သည် လာမည့်အပတ်အတွင်း အင်ဒိုနီးရှား၌ ကျင်းပမည့် G20 အစည်းအဝေးကို မတက်ရောက်မှီဗီယက်နမ်နိုင်ငံသို့ နှစ်ရက်တာ ခရီးစဉ်အဖြစ် ဇူလိုင်လ ၅ ရက်မှ ၇ရက်​နေ့ထိ  လာရောက် လည်ပတ်မည်ဖြစ်ကြောင်း ဗီယက်နမ် အစိုးရက ပြောကြားခဲ့သည်။

လာရော့ဗ်အား ၎င်းတို့နှစ်နိုင်ငံ၏ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး(၁၀) နှစ်မြောက် အထိမ်းအမှတ်အဖြစ် လာရောက်ရန် ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီး ဗွီတန်ဆွန်း က ဖိတ်ကြားခဲ့ခြင်းဖြစ်ကြောင်း အစိုးရ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 ဗီယက်နမ်နိုင်ငံသို့ လက်နက်အများဆုံးရောင်းချသူမှာ ရုရှားဖြစ်ပြီး  ဗီယက်နမ်နိုင်ငံရှိ အဓိကကျ​သော စွမ်းအင်စီမံကိန်းကြီးများတွင် ရုရှားကုမ္ပဏီများသည်လည်း ပါဝင်ပတ်သက်လျက်ရှိသည်။

၎င်းနှစ်နိုင်ငံသည် ဆိုဗီယက်ခေတ်ကတည်းက ရင်းနှီးသော ဆက်ဆံရေးရှိခဲ့ပြီး မော်စကိုက အထူးစစ်ဆင်ရေးဟု ခေါ်သည့် ရုရှား-ယူကရိန်းစစ်ပွဲကိုလည်း ဗီယက်နမ်က ယခုအချိန်အထိ ရှုတ်ချခြင်းမရှိသေးချေ။

ထို့အပြင် ယူကရိန်းစစ်ပွဲနှင့် ပတ်သက်၍ ရုရှားအား ကုလသမဂ္ဂလူအခွင့်အရေးကောင်စီမှ ဆိုင်းငံ့ထားရန် ဧပြီလတွင် ပြုလုပ်ခဲ့သည့် ဆုံးဖြတ်ချက်ကို ဗီယက်နမ်က ဆန့်ကျင်မဲပေးခဲ့သည်။

ဗီယက်နမ်နှင့် ရုရှားနိုင်ငံကြား ကုန်သွယ်စီးဆင်းမှုသည် ပြီးခဲ့သည့်နှစ်၌ ၂၅ ရာခိုင်နှုန်း မြင့်တက်လာကာ အမေရိကန်ဒေါ်လာ ၇ ဒသမ ၁ ဘီလီယံ အထိ ရှိလာကြောင်း သိရသည်။

လာရော့ဗ်သည် လာမည့်အပတ်အတွင်း အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း၌ ကျင်းပမည့် စီးပွားရေး အင်အားအကြီးဆုံး နိုင်ငံများအဖွဲ့ (G20) ၏ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ ဗီယက်နာမ်မှတဆင့်သွားရောက်မည်ဖြစ်သည်။

Source: Reuters