တောင်တရုတ်ပင်လယ် သင်္ဘောပျက်စီးမှုမှ အလောင်း ၁၂ လောင်း တွေ့ရှိ

တောင်တရုတ်ပင်လယ်တွင် မုန်တိုင်းအတွင်း အမှုထမ်း ၃၀ ဦးပျောက်ဆုံးခဲ့သည့် သင်္ဘောပျက်စီးမှု ဖြစ်ခဲ့ပြီးနောက် အလောင်း ၁၂ လောင်းကို တွေ့ရှိခဲ့ရကြောင်း တရုတ်အာဏာပိုင်တွေက ပြောပါတယ်။

ဟောင်ကောင်ရဲ့ အနောက်တောင်ဘက် ရေမိုင် ၁၆၀ အကွာမှာ ရောက်ရှိနေခဲ့တဲ့ အင်ဂျင်လုပ်ငန်း သင်္ဘောတစ်စီး မုန်တိုင်းအတွင်းမှာ အကြီးအကျယ်ပျက်စီးပြီး ထက်ပိုင်းကျိုးခဲ့ပြီးနောက်မှာ အခု ကြေညာချက် ထွက်လာခဲ့တာ ဖြစ်ပါတယ်။ သင်္ဘော နစ်မြုပ်သွားခဲ့တဲ့ နေရာရဲ့ အနောက်တောင်ဘက် ရေမိုင် ၅၀ ပတ်ဝန်းကျင်မှာ အလောင်း ၁၂ လောင်းကို တွေ့ရှိခဲ့ပြီး သင်္ဘောက ရေနစ်သွားခဲ့သူတွေလို့ သံသယရှိကြောင်း ဂွမ်ဒေါင်းရှာဖွေကယ်ဆယ်ရေးဌာန က ထုတ်ပြန်ပြောကြားပါတယ်။

သက်ဆိုင်ရာ ဌာနတွေက သေဆုံးသူတွေ မည်သူမည်ဝါ ဖြစ်တယ်ဆိုတာကို ဆက်လက်ဖော်ထုတ်နေတယ်လို့လည်း ကယ်ဆယ်ရေးဌာန က ဆက်ပြောပါတယ်။ ကမ်းလွန် လေအားလျှပ်စစ်တည်ဆောက်ရေးလုပ်ငန်းမှာ အသုံးပြုတဲ့ Fujing 001 သင်္ဘောပေါ်က ဝန်ထမ်း စုစုပေါင်း ၃၀ ဦးက သင်္ဘောကို စွန့်ခွာခဲ့ကြကြောင်း တရုတ် အစိုးရ သတင်းဌာန CGTN ရဲ့ပြောကြားချက်အရ သိရပါတယ်။

ကမ်းလွန် လေအားလျှပ်စစ်စီမံကိန်း ကရိန်း ရေယာဉ်က အန္တရာယ်ရှိနေကြောင်း စောင့်ကြည့်လေ့လာရေးစနစ် တစ်ခုက စနေနေ့ က တွေ့ရှိခဲ့ပြီးနောက်ပိုင်းမှာ နစ်မြုပ်သွားခဲ့တယ်လို့ တရုတ်နိုင်ငံပိုင် သတင်းဌာန CCTV ကလည်းပြောပါတယ်။ စနေနေ့ နဲ့ တနင်္လာနေ့တွေမှာ စုစုပေါင်း လူ လေးဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး ကယ်ဆယ်ရေးလုပ်ဆောင်ဖို့ လေယာဉ်ခုနစ်စင်း၊ လှေ ၂၄၆ စီးနဲ့ ငါးဖမ်းသင်္ဘော ၄၉၈ စီး ကို စေလွှတ်ခဲ့ကြောင်း တရုတ်အာဏာပိုင်တွေကပြောပါတယ်။

-Ref:AFP/ga