ကမ္ဘာ့အသက်အကြီးဆုံးလူသားအဖြစ် မှတ်တမ်းဝင်ခဲ့သူ ကွယ်လွန်

လက်ရှိမှာ ကမ္ဘာ့ အသက်အကြီးဆုံး လူသားအဖြစ် ဂင်းနစ် ကမ္ဘာ့စံချိန်မှတ်တမ်းမှာ မနှစ်က စာရင်းသွင်း သတ်မှတ်ခံရတဲ့ ဂျပန်နိုင်ငံသား မာဆာဇို နိုနာ့ခါ့ဟာ အသက် ၁၁၃ နှစ်အရွယ် ဇန်နဝါရီ ၂၀ ရက်က သေဆုံးသွားပြီလို့ ဂျပန်မီဒီယာတွေက ဖော်ပြကြပါတယ်။

ဂျပန်နိုင်ငံမြောက်ပိုင်း သူ့ဇာတိ အာရှိုရိုမြို့မှာ ကျင်းပတဲ့ ပွဲအတွင်း ဂင်းနစ်အဖွဲ့ကြီးက သူ့ကို သက်ရှိ အသက်ကြီးဆုံး အမျိုးသားအဖြစ် အတည်ပြုခဲ့တာပါ။

နိုနာ့ခါ့ဟာ လယ်သမားလည်းဖြစ်ပြီး သူ့ဇာတိမြို့မှာ ရေပူစမ်း အပန်းဖြေစခန်းကို တည်ထောင်လုပ်ကိုင်သူပါ။ သူဟာ သား ၂ ယောက်နဲ့ သမီး ၃ ယောက်ကို ပျိုးထောင်ခဲ့ပါတယ်။

သူဟာ ဆာလ်ဖာဓာတ် ကြွယ်ဝတဲ့ ရေပူစမ်းတွေထဲမှာ ပုံမှန်ရေစိမ်လေ့ရှိသူဖြစ်တယ်၊ စတော်ဘယ်ရီကိတ်ကို အထူးကြိုက်တယ်လို့ ဒေသခံ လူမှုဖူလုံရေး အရာရှိတွေရဲ့ မှတ်တမ်းက ဆိုပါတယ်။

၂၀၁၃ ခုနှစ်က သေဆုံးခဲ့တဲ့ ဂျပန်နိုင်ငံသား အသက်ကြီးဆုံး အမျိုးသားဟာ ၁၁၆ နှစ် ၅၄ ရက်ကြာ အသက်ရှင် နေထိုင်ခဲ့သူပါ။

ဂင်းနစ် စံချိန်မှတ်တမ်းဝင် ကမ္ဘာ့အသက်အရှည်ဆုံး လူသားကတော့ ပြင်သစ်နိုင်ငံသူ ယန်း ကောမန့် ဖြစ်ပြီး ၁၂၂ နှစ် ၁၆၄ ရက်ကြာ အသက်ရှင် နေထိုင်ခဲ့ပြီး ၁၉၉၇ ခုနှစ် သြဂုတ်လက သေဆုံးခဲ့ပါတယ်။

-Ref: AFP