ဝင်ဘယ်ဒန်ပြိုင်ပွဲကျင်းပရေးကော်မတီဒဏ်ရိုက်ခံရ

ရုရှားနဲ့ ဘီလာရုစ်ပြိုင်ပွဲဝင်တွေကို ပါဝင်ယှဉ်ပြိုင်ခွင့်ပိတ်ပင်ခဲ့တဲ့ ဝင်ဘယ်ဒန်တင်းနစ်ပြိုင်ပွဲကျင်းပရေးအဖွဲ့ကို ကမ္ဘာ့အမျိုးသမီးတင်းနစ်အဖွဲ့ချုပ်က ဒဏ်ရိုက်လိုက်ပါတယ်။ အင်္ဂလန်မြက်ခင်းပြင် တင်းနစ်ကလပ်အဖွဲ့ချုပ် (AELTC)နဲ့ မြက်ခင်းပြင်တင်းနစ်အဖွဲ့ချုပ်(LTA) တို့ကို ကမ္ဘာ့အမျိုးသမီး တင်းနစ်အဖွဲ့ချုပ်က ဒဏ်ရိုက်ခဲ့တာ ဖြစ်ပါတယ်။ ရုရှား-ယူကရိန်းအရေးနဲ့ပတ်သက်ပြီး ဝင်ဘယ်ဒန်ပြိုင်ပွဲမှာ ဘီလာရုစ်နဲ့ ရုရှားတင်းနစ် ကစားသမား တွေ ပါဝင်ယှဉ်ပြိုင်ခွင့်ပိတ်ပင်ခဲ့လို့ အင်္ဂလန်မြက်ခင်းပြင်တင်းနစ်ကလပ် အဖွဲ့ချုပ်ကို ပေါင် ၂ သိန်း ၇ ထောင်၊ မြက်ခင်းပြင်တင်းနစ် အဖွဲ့ချုပ်ကို ပေါင် ၆ သိန်း ၂ သောင်း ဒဏ်ရိုက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီအဖွဲ့ နှစ်ဖွဲ့စလုံး ကတော့ ပြစ်ဒဏ်အပေါ်မကျေတာကြောင့် အယူခံဝင် သွားမယ်လို့ အသီးသီးထုတ်ပြန်ကြေညာထားပါတယ်။  ကမ္ဘာ့အမျိုးသမီးတင်းနစ်အဖွဲ့ချုပ်ရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး စိတ်ပျက်မိတယ်လို့လည်း အင်္ဂလန်မြက်ခင်းပြင် တင်းနစ်ကလပ်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဆယ်လီဘော်တန်က တုံ့ပြန်ဝေဖန်သွားခဲ့ပါတယ်။