PFA တစ်နှစ်တာအကောင်းဆုံးဆုတွေကို ဆာလက် နဲ့ ဖိုဒန် တို့ ဆွတ်ခူး

လီဗာပူးတိုက်စစ်မှူးဆာလက်နှင့် မန်စီးတီးကွင်းလယ်လူဖိုဒန်တို့ဟာ ပရော်ဖက်ရှင်နယ်ကစားသမားများ အစည်းအရုံး(PFA)က ချီးမြှင့်တဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုနဲ့ တစ်နှစ်တာအကောင်းဆုံး လူငယ်ကစားသမားဆုတွေကို ဆွတ်ခူးရရှိခဲ့ပါတယ်။ လီဗာပူးတိုက်စစ်မှူးဆာလက်ဟာ ပြီးခဲ့တဲ့(၂)နှစ်ဆက် တိုက်ဆွတ်ခူးခဲ့တဲ့ မန်စီးတီးကွင်းလယ်လူ ဒီဘရိုင်းလွှမ်းမိုးမှုကို ရပ်တန့်ကာ PFA တစ်နှစ်တာအကောင်းဆုံးဆု ကိုရရှိခဲ့တာပဲဖြစ်ပါတယ်။  PFA တစ်နှစ်တာအကောင်းဆုံးဆုကို ဒုတိယအကြိမ်မြောက် ဆာလက် ရရှိခဲ့တာဖြစ်ပြီး ဒီဆုကို (၂)ကြိမ်ဆွတ်ခူးခဲ့ဖူးတဲ့ (၉)ယောက်မြောက်ကစားသမားဖြစ်လာခဲ့ပါတယ်။  ဆာလက်ဟာ ပြီးခဲ့တဲ့ရာသီက လီဗာပူးနဲ့အတူ အက်ဖ်အေဖလားနဲ့ လိဂ်ဖလားဆွတ်ခူးနိုင်ခဲ့ပြီး သွင်းဂိုး(၂၃)ဂိုးနဲ့ ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုကို ဆွန်ဟောင်မင်နဲ့ပူးတွဲရရှိခဲ့ပါတယ်။ မန်စီးတီးကွင်းလယ်လူ ဖိုဒန်ကလည်း ပြီးခဲ့တဲ့ရာသီ အသင်းပရီးမီးယားလိဂ် ချန်ပီယံဆုဖလားဆွတ်ခူးရာမှာ ခြေစွမ်းပြကစားနိုင်ခဲ့ပြီးနောက် PFA တစ်နှစ်တာအကောင်းဆုံး လူငယ်ကစားသမားဆုကို ဆွတ်ခူးခဲ့ပါတယ်။ အသက်(၂၂)နှစ်အရွယ်ဖိုဒန်ဟာ နည်းပြဂွါဒီယိုလာလက်အောက်မှာ (၅)ရာသီအတွင်း ပရီးမီးယားလိဂ်ချန်ပီယံဆုဖလားကို (၄)ကြိမ်ရရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ် ချန်ပီယံဆုဖလားဆွတ်ခူးနိုင်ခဲ့တဲ့ မန်စီးတီးအသင်းအတွက် ကွင်းလယ်လူ ဖိုဒန် (၉)ဂိုးသွင်းယူခဲ့ပြီး (၅)ကြိမ်ဖန်တီးခဲ့ပါတယ်။ ဖိုဒန်ဟာ ဂယ်လက်ဟာ၊ ရီစီဂျိမ်းစ်၊ ဂျာကော့ရမ်ဆေး၊ ဆာကာနဲ့ စမစ်ရိုးတို့ကို ကျော်ဖြတ်ကာ လူငယ်အကောင်းဆုံးဆုကို ရရှိခဲ့တာပဲဖြစ်ပါတယ်။ ဒါ့အပြင် ဖိုဒန်ဟာ PFA တစ်နှစ်တာ အကောင်းဆုံး လူငယ်ကစားသမားဆုကို (၂)နှစ်ဆက်တိုက်ရရှိခဲ့တဲ့ (၆)ယောက်မြောက်ကစားလည်း ဖြစ်လာခဲ့ပါတယ်။