အသားအရောင်ခွဲခြားသည့် မှတ်ချက်ကို ဟာမီတန်ရှုတ်ချ

ဖော်မြူလာဝမ်း ကမ္ဘာ့ချန်ပီယံဆုကို ၃ ကြိမ်ရရှိထားတဲ့ ဘရာဇီးဒရိုင်ဗာ နယ်လ်ဆင်ပီကွက်ရဲ့ အသားရောင် ခွဲခြားတဲ့ မှတ်ချက်အတွက် ဗြိတိန်ဒရိုင်ဗာ ဟာမီတန်က ရှုတ်ချသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၁ ဗြိတိန်ဂရင်းပရီ ပြိုင်ပွဲအတွင်း ဗာစတက်ပန်နဲ့ ဟာမီတန်တို့ မတော်တဆဖြစ်မှုအပေါ် ပီကွက်ရဲ့ မှတ်ချက်အထဲမှာ ဟာမီတန်ကို အသားရောင်ခွဲခြားတဲ့ စကားလုံးတွေ ပါဝင်သွားခဲ့တာပါ။ အသက် ၆၉ နှစ်အရွယ် ပီကွက်ဟာ နယ်သာလန်ဒရိုင်ဗာ ဗာစတက်ပန်ရဲ့ ချစ်သူ ကယ်လီရဲ့ ဖခင်လည်းဖြစ်ပါတယ်။ နယ်လ်ဆင် ပီကွက်ရဲ့ အင်တာဗျူးပါဝင်တဲ့ ရုပ်သံဖိုင် ကို အခုတစ်ပတ်မှာ ပြသခဲ့တာဖြစ်ပြီး ပီကွက်ရဲ့ မှတ်ချက်စကားအတွက် ဝေဖန်မှုတွေလည်း ထွက်ပေါ်နေပါ တယ်။ ဟာမီတန်ကတော့ လူတွေရဲ့ စိတ်ဓာတ်ကို ပြောင်းလဲဖို့ အချိန်တန်ပြီလို့ ပြောကြားခဲ့သလို အသားရောင်ခွဲခြားသူတွေကို အရေးယူသင့်ပြီလို့လည်း ပြောကြားလိုက်ပါတယ်။ မာစီးဒီးစ်အသင်းရဲ့ ဗြိတိန်ဒရိုင်ဗာ ဟာမီတန်ဟာ အခုရာသီ ဖော်မြူလာဝမ်းပြိုင်ပွဲမှာ ဝင်ပြိုင်နေတဲ့ တစ်ဦးတည်း လူမည်း ဒရိုင်ဗာလည်းဖြစ်ပါတယ်။