အာဖရိကတစ်နှစ်တာအကောင်းဆုံးကစားသမားအဖြစ် ဆာလာ ၂နှစ်ဆက်ရွေးချယ်ခံရ

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်အတွက် အာဖရိကအကောင်းဆုံးကစားသမားဆုကို လီဗာပူးနဲ့ အီဂျစ်လက်ရွေးစင်တိုက်စစ်မှူး မိုဟာမက်ဆာလာက ဆွတ်ခူးရယူနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်ကလည်း အာဖရိက အကောင်းဆုံး ဆုကိုရရှိခဲ့တဲ့ ဆာလာဟာ ၂ နှစ်ဆက်တိုက်အဖြစ် အောင်ပွဲခံနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

အသက် ၂၆ နှစ်အရွယ် ဆာလာဟာ ပြီးခဲ့တဲ့ရာသီက လီဗာပူးအသင်းနဲ့အတူ ချန်ပီယံလိဂ်ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့ပြီး ပရီးမီးယားလိဂ်မှာလည်း ၃၂ ဂိုးသွင်းကာ ဂိုးသွင်းစံချိန် မှတ်တမ်းရေး ထိုးနိုင်ခဲ့ပါတယ်။ ဆာလာဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးဆုတွေကိုဆွတ်ခူးနိုင်ခဲ့သလို ကမ္ဘာ့အကောင်းဆုံးဆုတွေမှာလည်း ပဏာမစာရင်းဝင်ခဲ့ပါတယ်။ သူဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ရီးရဲလ်နောက်ခံလူရာမို့စ်ကြောင့် ဒဏ်ရာရရှိခဲ့ပြီး ကြံ့ခိုင်မှုမပြည့်ဝတာကြောင့် အီဂျစ်အသင်းအတွက် ၂၀၁၈ ရုရှားကမ္ဘာ့ဖလားမှာ အကောင်းဆုံးခြေစွမ်း မပြနိုင်ခဲ့ပေမယ့် ခြေစစ်ပွဲအောင်မြင်ရေးအတွက်တော့ အရေးပါဆုံးနေရာကနေ စွမ်းဆောင်ပေးနိုင်ခဲ့တာပါ။ ဒါကြောင့်လည်း ဆာလာဟာ လီဗာပူးကစားဖော်မာနီ၊ အာဆင်နယ် တိုက်စစ်မှူး အူဘာမီယန် တို့ကိုကျော်ဖြတ်ကာ အကောင်းဆုံးဆုရရှိခဲ့တာဖြစ်ပါတယ်။

တစ်နှစ်တာအကောင်းဆုံးကစားသမားဆုပေးပွဲမှာ အာဖရိကဘောလုံးအဖွဲ့ချုပ်က တစ်နှစ်တာအကောင်းဆုံး အသင်းကိုလည်း ရွေးချယ်ပေးအပ်ခဲ့ပါသေးတယ်။ အဲဒီအသင်းမှာတော့ တိုက်စစ်နေရာ အတွက် အကောင်းဆုံး စာရင်းဝင် ၃ ဦးဖြစ်တဲ့ ဆာလာ၊ အူဘာမီယန်၊ မာနီတို့သာရွေးချယ်ခံခဲ့ရတာပါ။ ဒါ့အပြင် လီဗာပူးကွင်းလယ်လူ နဘီကီတာ၊ မန်စီးတီးတောင်ပံ ကစားသမားမာရက်ဇ်၊ အက်သလက်တီကိုကွင်းလယ်လူပါတေး၊ စပါးနောက်ခံလူ အူရီယာ၊ ဂျူဗင်တပ်နောက်ခံလူဘီနာတီယာ၊ မန်ယူနောက်ခံလူဘိုင်လီ၊ နာပိုလီနောက်ခံလူ ကူလီဘာလီ တို့နဲ့အတူ တောင်အာဖရိကကလပ် မာမီလိုဒီဆန်းဒေါင်းစ်အသင်းဂိုးသမား ဒင်းနစ်အွန်ယန်ဂိုတို့လည်း ပါဝင်ခဲ့ပါတယ်။

—Ref: Skysports