တောင်ကိုရီးယား − ဂျာမနီ၊ မက္ကဆီကို − ဆွီဒင်၊ ဆားဘီးယား − ဘရာဇီး၊ ဆွစ်ဇာလန် − ကော်စတာရီကာတို့ ထိပ်တိုက် တွေ့မည့်ည

တောင်ကိုရီးယား-ဂျာမနီ (ည ၈ နာရီခွဲ)

တောင်ကိုရီးယားအနေဖြင့် မျှော်လင့်ချက်ပါးပါးရှိသေးပြီး ဂျာမနီကိုအနိုင်ယူကာ မက္ကဆီကိုက ဆွီဒင်ကို အနည်းဆုံး သုံးဂိုးပြတ်အနိုင်ရပါက အုပ်စုကျွတ်နိုင်သည်။ တောင်ကိုရီးယားသည် ရှေ့နှစ်ပွဲတွင် အသင်းလိုက် စုဖွဲ့မှု ကောင်းသော်လည်း ရှေ့တန်းနှင့် နောက်တန်း မကောင်းမွန်ခဲ့ပေ။

ဆွီဒင်ကို နောက်ကျအနိုင်ဂိုးသွင်းပြီး မျှော်လင့်ချက်ရှင်သန်ခဲ့သော ဂျာမနီက နောက်တစ်ဆင့်တက်ရန် ယခုပွဲ အနိုင်ရရန် လိုအပ်နေသည်။ ဂျာမနီသည် အာရှအသင်းများနှင့် ကမ္ဘာ့ဖလားငါးပွဲ ကစားဖူးပြီး ငါးပွဲစလုံးအနိုင်ရကာ ၁၉ ဂိုးအထိ သွင်းယူခဲ့သည်။ ထိပ်တိုက်တွေ့ဆုံမှု သုံးကြိမ်တွင် နှစ်ကြိမ်နိုင်ပြီး တစ်ကြိမ်သာ ရှုံးထားသည့် ဂျာမနီက အနိုင်ရရန် များသည်။

မက္ကဆီကို-ဆွီဒင် (ည ၈ နာရီခွဲ)

ဂျာမနီနှင့် တောင်ကိုရီးယားကို ဆက်တိုက်အနိုင်ယူပြီး မက္ကဆီကိုသည် အဆိပ်ရှိသော အသင်းအဖြစ် သက်သေပြနေသည်။ ယခုပွဲအနိုင်ရပါက မက္ကဆီကိုသည် အုပ်စုသုံးပွဲစလုံး အနိုင်ရသော ပထမဆုံး ကွန်ကာ ကက်ဖ်ဇုန်အသင်း ဖြစ်ခွင့်ရမည်ဖြစ်သည်။ အင်အားချွေတာရန် အဓိက ကစားသမားအချို့အား  အနားပေးဖွယ် ရှိသော်လည်း အများစုကို ပွဲထုတ်လာနိုင်၍ ဆွီဒင်အခက်ကြုံနိုင်သည်။ ခံစစ်ကောင်းသော်လည်း တိုက်စစ်ညံ့သည့် ဆွီဒင်သည် မက္ကဆီကိုကို အနိုင်ယူပြီး ဂျာမနီ ရှုံးပွဲကြုံမှ နောက်တစ်ဆင့်မျှော်လင့်ခွင့် ရနိုင်သည်။ ထိပ်တိုက်တွေ့ဆုံမှု ကိုးကြိမ်တွင် ဆွီဒင်က လေးကြိမ်နိုင်၊ သုံးကြိမ်သရေကျပြီး နှစ်ကြိမ်ရှုံးခဲ့သည်။

ဆားဘီးယား-ဘရာဇီး( ည ၁၂ နာရီခွဲ)

ဆားဘီးယားအနေဖြင့် နောက်တစ်ဆင့်တက်လိုလျှင် ဘရာဇီးကို အနိုင်ယူရမည်ဖြစ်သည်။ ဆားဘီးယားသည် ကော်စတာရီကာနှင့်ပွဲတွင် ကစားအားကောင်းခဲ့သော်လည်း ဆွစ်ဇာလန်နှင့်ပွဲ၌ ကစားအားကျခဲ့သဖြင့် နောက်ကျအနိုင်ဂိုးများ သွင်းယူတတ်သည့် ဘရာဇီးက အခွင့်အရေးရနိုင်သည်။

သို့သော် ဆားဘီးယားတိုက်စစ်က နောက်ဆုံး ၁၅ ပွဲတွင် အနည်းဆုံး တစ်ဂိုးသွင်းနိုင်ခဲ့သဖြင့် အန္တရာယ်ရှိသည်။ နောက်တစ် ဆင့်တက်ရန် တစ်မှတ်လိုသေးသည့် ဘရာဇီးက ဥရောပအသင်းများနှင့် ကမ္ဘာ့ဖလားနောက်ဆုံး ခုနစ်ပွဲတွင် တစ်ပွဲသာ အနိုင်ရခဲ့သည်။ ထိပ်တိုက် တစ်ကြိမ်တွေ့ဆုံမှုတွင် ဘရာဇီးက အနိုင်ရထားသည်။

ဆွစ်ဇာလန်-ကော်စတာရီကာ (ည ၁၂ နာရီခွဲ)

ဆွစ်ဇာလန်က အုပ်စုကျွတ်ရန် တစ်မှတ်လိုနေသည်။ သို့သော် ဘရာဇီးက ဆားဘီးယားကို အနိုင်ရလျှင် ဆွစ်ဇာလန်အနေဖြင့် ယခုပွဲရလဒ် ကြည့်စရာမလိုဘဲ နောက်တစ်ဆင့်တက်မည်ဖြစ်သည်။ အုပ်စုမှ ထွက်ခဲ့ရ သော်လည်း ကော်စတာရီကာသည် တစ်ပွဲချင်း ခြေစွမ်းထက်ပြီး ဘရာဇီးကို နာကျင်အချိန်ပိုရောက်မှ ဂိုးများ ခွင့်ပြုခဲ့ရသည်။ ကော်စတာရီကာအနေဖြင့် သိက္ခာရှိရှိ အိမ်ပြန်လို၍ အားထည့်ကစားမည်ဖြစ်သည်။

သို့သော် ဆွစ်ဇာလန်က တစ်ဦးချင်းသာမက အသင်းလိုက် စွမ်းဆောင်ရည်ပိုကောင်းသလို ကွန်ကာကက်ဖ်ဇုန် အသင်းများနှင့် လေးကြိမ် ရင်ဆိုင်ဖူးရာ နှစ်ပွဲ နိုင်၊ နှစ်ပွဲသရေဖြင့် ရှုံးပွဲ မရှိခဲ့ပေ။

ထိပ်တိုက်တွေ့ဆုံမှု နှစ်ကြိမ်တွင် တစ်ကြိမ်စီ အနိုင်ရထားသည်။  —Ref: goonersguide/fctables.com/ 7Days