ကမ္ဘာ့ဖလားအိမ်ရှင် ကာတာနိုင်ငံ၏ လူ့အခွင့်အရေးမှတ်တမ်းဆိုးအား ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်သည့် ဝတ်စုံကို ဒိန်းမတ်အသင်း ဝတ်ဆင်မည်

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဥရောပမှ ဝင်ရောက်ယှဉ်ပြိုင်မည့် ဒိန်းမတ်အသင်းသည် အိမ်ရှင် ကာတာနိုင်ငံ၏ လူ့အခွင့်အရေးမှတ်တမ်းဆိုးများနှင့် ရွှေ့ပြောင်းအလုပ်သမားများအပေါ် ပြုမူဆက်ဆံပုံကို ဆန္ဒပြသည့်အနေဖြင့်  toned down ပြုလုပ်ထားသည့်ဝတ်စုံဖြင့် ဝတ်ဆင်ကစားသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ဒိန်းမတ်အသင်း၏ဝတ်စုံကို ချုပ်လုပ်ပေးမည့် Kit Provider တစ်ခုဖြစ်သည့် Hummel က ဒီဇိုင်းထုတ်ပေးထားသည့်ဝတ်စုံတွင် အနီရောင်၊ အနက်ရောင်နှင့် အဖြူရောင် ပြောင်ဝတ်စုံများဖြစ်ပြီး ယခုပြိုင်ပွဲသည် လူ့အသက် ထောင်ပေါင်းများစွာကို ရင်းပြီး ယှဉ်ပြိုင်ရသည့် ပြိုင်ပွဲတစ်ခုဟုလည်း ဒိန်းမတ်အသင်းက ယူဆခဲ့သည်။

ကာတာနိုင်ငံသည် ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပရန် လုံလောက်သည့် အခြေခံအဆောက်အဦ ပြည့်မီရန်အတွက် ကွင်းသစ်များအား အလျင်အမြန်တည်ဆောက်ရာတွင် ရွှေ့ပြောင်းလုပ်သားများစွာကို အသုံးပြုခဲ့သည်။

သို့ရာတွင် ယင်းရွှေ့ပြောင်းလုပ်သားများတွက် သင့်တော်သည့် ပတ်ဝန်းကျင်အခြေအနေကို ပြုလုပ်ပေးခြင်းမရှိသလို၊ အလုပ်ချိန် များပြားလွန်းခြင်း၊ လုပ်အားပမာဏ စိုက်ထုတ်ရလွန်းခြင်း၊ ကောင်းမွန်သည့် ကျန်းမာရေး စောင့်ရှောက်မှုများကို မပြုလုပ်ပေးခြင်းတို့ ကြောင့် အလုပ်သမားများစွာ သေဆုံးခဲ့ရခြင်းကို Guardian သတင်းစာက ဖော်ထုတ်ခဲ့ဖူးသည်။

အလားတူပင် လူ့ အခွင့်အရေးအဖွဲ့အစည်းများက ကာတာနိုင်ငံကို ကမ္ဘာ့ဖလားအိမ်ရှင်နေရာမှ ထုတ်ပယ်ရန် ဖိအားပေးနေသည့်ကြားမှ ဖီဖာက ဆက်လက်ကျင်းပခွင့် ပြုခဲ့ခြင်းဖြစ်သည်။

Hummel ၏ ပြောရေးဆိုခွင့်ရှိသူက ”ကျွန်တော်တို့ ဒိန်းမတ်လက်ရွေးစင်အသင်းကို အားပေးသွားမှာပါ။ ဒါပေမဲ့ ဒါဟာ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကို ထောက်ခံတယ်ဆိုတဲ့ အဓိပ္ပာယ်မဟုတ်ပါဘူး။ ကျွန်တော်တို့ ဝတ်စုံဒီဇိုင်းကိစ္စနဲ့ ပတ်သက်ပြီး ဒိန်းမတ်ဘောလုံးအဖွဲ့ချုပ်နဲ့လည်း  ဆွေးနွေးခဲ့ပြီး ဒိန်းမတ်ဘောလုံးအဖွဲ့ချုပ်က သဘောတူပါတယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ ဆန္ဒသဘောထားကို အရှင်းလင်းဆုံး ပြသခြင်းပါပဲ”ဟု ပြောကြားခဲ့သည်။

ကာတာနိုင်ငံသည် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ အိမ်ရှင်နေရာကို ရယူချိန်ကတည်းက ယင်းအတွက် လာဘ်ပေး လာဘ်ယူမှုများ ရှိခဲ့သည်ဆိုသည့် သတင်းများ ထွက်ပေါ်ခဲ့ပြီး ဖီဖာ၏ခေါင်းဆောင်ပိုင်းတွင် အပြောင်းအလဲများ ဖြစ်ပေါ်သည်အထိ ဖြစ်ခဲ့သည်။

ထို့အတူ ပြိုင်ပွဲကာလအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုမှတ်တမ်းများ ရှိခဲ့ခြင်းကြောင့် ဝေဖန်မှုများကို ခံခဲ့ရပြီး မကြာသေးမီကလည်း ရွှေ့ပြောင်းလုပ်သားမိသားစုများ ပူးပေါင်းကာ လျော်ကြေး ပေါင်သန်း (၃၀၀) တောင်းဆိုရန်စီစဉ်နေကြောင်း သိရသည်။