တရုတ်စီမံကိန်း ကောင်းကြောင်း အာဖရိကနိုင်ငံတွေပြောကြား

တရုတ်ပြည်အကူအညီနဲ့ ဆောင်ရွက်နေတဲ့ နိုင်ငံခြားစီမံကိန်းတွေဟာ အိမ်ရှင်နိုင်ငံတွေကို ကြွေးမြီတွေ အမြောက်အများနဲ့ ဒုက္ခရောက်စေတဲ့ စီမံကိန်းတွေဖြစ်တယ်ဆိုတဲ့ ဝေဖန်ပြောကြားမှုတွေ ကို တရုတ်နဲ့ အာဖရိက ခေါင်းဆောင်တွေက အင်္ဂါနေ့ မနေ့က ပယ်ချလိုက်ပါတယ်။

တရုတ်နိုင်ငံ ပေ့ကျင်းမြို့မှာ ကျင်းပနေတဲ့ FOCAC (Forum on China- Africa Cooperation) ခေါ် တရုတ်- အာဖရိက ပူးပေါင်းဆောင်ရွက်ရေး နှီးနှောဖလှယ်ပွဲမှာ ဆီနီဂေါ သမ္မတ Macky Sall မက်ကီ ဆောလ် က ချေးငွေနဲ့ ကြွေးမြီပြဿနာတွေ အပါအဝင် တရုတ်ပြည်နဲ့ မိမိတို့ဆောင်ရွက်နေတဲ့ လုပ်ငန်းမှန်သမျှကို ကောင်းကောင်းမွန်မွန် ထိန်းသိမ်းကွပ်ကဲနိုင်တဲ့ အနေအထားမှာ ရှိပါတယ်လို့ ပြောပါတယ်။

မနေ့က နှီးနှောဖလှယ်ပွဲမှာ အာဖရိကနိုင်ငံတွေကို တရုတ်ပြည်က ဒေါ်လာ ဘီလီယံ ၉ဝ ထောက်ပံ့ကူညီမယ့် အစီအစဉ်တွေကို အတည်ပြုကြေညာခဲ့ပါတယ်။ အဲဒီငွေထဲမှာ အတိုးမဲ့ချေးငွေနဲ့ လှူဒါန်းငွေတွေလည်း ၁၅ ဘီလီယံ ခန့် ပါဝင်တယ်လို့ ဆိုပါတယ်။

တရုတ်သမ္မတ ရှီကျင်းပင်က ဆင်းရဲတဲ့နိုင်ငံတချို့ထံက ရစရာရှိတဲ့ ချေးငွေတချို့ကို မိမိတို့ လျှော်ပြစ်မှာ ဖြစ်ကြောင်း ပြောကြားရင်း တရုတ်-အာဖရိက ဆက်ဆံရေး ကဏ္ဍသစ် ဖွင့်ခဲ့ပြီလို့ပြောပါတယ်။

-Ref; RFA