ယူအက်စ်အိုးပင်းတွင် ဖက်ဒဲရာ စတုတ္ထအဆင့်မှ အိမ်ပြန်

နယူးယောက်- ဆွစ်ဇာလန်တင်း နစ်ကစားသမား ရော်ဂျာဖက်ဒဲရာ သည် ယူအက်စ်အိုးပင်းပြိုင်ပွဲတွင် ကမ္ဘာ့အဆင့် (၅၅)ရှိ ဩစတြေး လျကစားသမား ဂျွန်မီလ်မန်းကို ရှုံးကာ စတုတ္ထအဆင့်မှ လှည့်ပြန်ခဲ့ရသည်။

ဖက်ဒဲရာ (၃၇)နှစ်သည် ယူအက်စ်အိုးပင်း ခြောက်ကြိမ်မြောက် ဆွတ်ခူးနိုင်ရန် ပြင်ဆင်ခဲ့သော်လည်း ၃ နာရီ ၃၅ မိနစ် ကြာအောင် ကစားခဲ့ပြီးနောက် ဂျွန်မီလ်မန်းကို ၃-၆၊ ၇-၅၊ ၇-၆(၉-၇)၊ ၇-၆ (၇-၃) ဖြင့် ရှုံးနိမ့် ခဲ့သည်။

၂၀၀၄၊ ၂၀၀၅၊ ၂၀၀၆၊ ၂၀၀၇၊ ၂၀၀၈ က ယူအက်စ်အိုးပင်း ငါးနှစ်ဆက်ဆွတ်ခူးခဲ့သူ ဖက်ဒဲရာအနေဖြင့် ယခုရှုံးပွဲသည် ယူအက်စ်အိုးပင်း၌ ကမ္ဘာ့အဆင့် ၅၀ ထက်ကျော်သော ကစားသမားများနှင့် ၄၁ ပွဲကစားခဲ့ရာ ပထမ ဆုံးရှုံးပွဲကြုံခြင်းဖြစ်သည်။

ဂရင်းဆလမ်ပြိုင်ပွဲ တစ်ခုတွင် ကွာတားဖိုင်နယ်သို့ ပထမဆုံးတက်ရောက်လာသည့် ဂျွန်မီလ်မန်းသည် ယူအက်စ်အိုးပင်း နှစ်ကြိမ်ချန်ပီယံ ဆားဘီးယား ကစားသမား ဂျိုကိုဗစ်နှင့် ယနေ့ ကစားမည်ဖြစ်သည်။

အမျိုးသားကွာတားဖိုင်နယ် ပွဲစဉ်သို့ တက်ရောက်လာသည့် ရှစ်ဦးအနက် ဂျွန်မီလ်မန်းတစ်ဦးသာ နိုင်ခြေအဆင့် သတ်မှတ်ခြင်း မခံရသူဖြစ်ပြီး ၎င်းသည် ဖက်ဒဲရာကို အနိုင်မရမီက ကမ္ဘာ့အဆင့် (၁၀) အတွင်းရှိ ကစားသမား တစ်ဦးကို တစ်ကြိမ်မျှ မနိုင်ခဲ့ပေ။

‘‘ရာသီဥတုက သိပ်ပူပါတယ်။ တစ်ညကဆိုရင် လေတောင်မရခဲ့ဘူး။ ဒီလိုမျိုးဖြစ်ပျက်တာ ကျွန်တော့်အတွက် ပထမဆုံးပဲ။ ချွေးတပြိုက်ပြိုက်ကျပြီး ခွန်အားတွေ ယုတ်လျော့ကုန်ပါတယ်။ ပွဲပြီးတော့ ပျော်တောင် ပျော်မိတယ်’’ဟု ဖက်ဒဲရာက ပြောသည်။

အမျိုးသမီးပွဲစဉ်တွင် ရုရှားသူ ရှာရာပိုဗာက စပိန်သူနာဗာရိုကို ၆-၄၊ ၆-၃ ဖြင့် ရှုံးနိမ့်ခဲ့သည်။

ယင်းမှာ တားမြစ်ဆေးကြောင့် တင်းနစ်ကစားခွင့် ၁၅ လ ပိတ်ပင်ခံရပြီးနောက် အဓိကပြိုင် ပွဲကြီးငါးခုတွင် ရှာရာပိုဗာ အနေဖြင့် ကွာတားဖိုင်နယ် အဆင့်၌ တစ်ကြိမ်မျှ မကျော်ဖြတ်နိုင်ခြင်း ဖြစ်သည်။

ယူအက်စ်အိုးပင်းရှုံးနိမ့်ခြင်းက ကစားသမားဘဝတွင် အခက်ခဲဆုံးအချိန်မဟုတ်ဘဲ ဆယ်ကျော်သက်ဘဝက ဒေါ်လာ အနည်း ငယ်သာရှိခဲ့ခြင်းနှင့် အနာဂတ်မရှိတော့သလို ခံစားရခြင်းက အခက်အခဲဆုံးအချိန်ဖြစ်ခဲ့ကြောင်း ဂရင်းဆလမ်ချန်ပီယံ ငါးကြိမ်ရ ရှာရာ ပိုဗာက ပြောသည်။

—Ref: BBC