မြောက်ပိုင်းလက်နက်ကိုင်ခုနစ်ဖွဲ့ ၂၁ ရာစုပင်လုံသို့ လမ်းကြောင်းနှစ်ခုမှ လာရောက်မည်

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံ တတိယအစည်းအဝေးသို့ မြောက်ပိုင်းလက်နက်ကိုင် ခုနစ်ဖွဲ့ စလုံး တက်ရောက်မည်ဖြစ်ပြီး ပြည်တွင်းနှင့် တရုတ်နိုင်ငံလမ်း ကြောင်းနှစ်ခုမှ လာရောက်မည်ဟု မိုင်းလား အဖွဲ့(NDAA)အထွေ ထွေအတွင်းရေးမှူး ဦးကြည်မြင့် က ပြောသည်။

မိုင်းလားအဖွဲ့သည် ပြည်တွင်းလမ်းကြောင်းမှ လာရောက်ပြီး ကျန်ခြောက်ဖွဲ့သည် တရုတ်နိုင်ငံ ကူမင်းမြို့မှ တစ်ဆင့်လာမည်ဟု​ ၎င်းကဆိုသည်။ ‘‘တရုတ်ပြည်ကနေ သူတို့ မနက်ဖြန် လာမယ်။ ကျွန်တော်တို့က ပြည်တွင်းကလာတယ်။ ခေါင်းဆောင်တော့   အားလုံးခေါင်းဆောင်ပဲ။ တချို့က အဓိကခေါင်းဆောင်၊ တချို့က ဒုတိယအဆင့် အဲဒီလောက်ရှိတယ်’’ဟု ဦးကြည်မြင့် က ပြောသည်။

မြောက်ပိုင်းလက်နက်ကိုင် ခုနစ်ဖွဲ့ဖြစ်သည့် ‘ဝ’အဖွဲ့ (UWSA)၊ ကချင်အဖွဲ့(KIO/ KIA)၊ မိုင်းလားအဖွဲ့ (NDAA)၊ ရှမ်းအဖွဲ့(SSPP)၊ တအာင်းအဖွဲ့(TNLA)၊ ကိုးကန့်အဖွဲ့ (MNDAA) နှင့် ရခိုင်အဖွဲ့(AA)တို့ကို ၂၁ ရာစုပင်လုံ တတိယအစည်းအဝေးသို့ တက်ရောက်ရန် အစိုးရက တရုတ် သံရုံးမှတစ်ဆင့် တစ်ဖွဲ့ချင်းစီ ဖိတ်ကြားထားသည်။

KIO/KIA ကမူ ၂၁ ရာစု ပင်လုံသို့ မြောက်ပိုင်းအဖွဲ့ဝင်အနေဖြင့်သာ တက်ရောက်မည်ဟု အဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ကြီးနော်ဘူက ပြောဆိုထားပြီး KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ ၂၁ ရာစုပင်လုံတက်၊ မတက်ကို ဇူလိုင် ၉ ရက်အထိ အတည်ပြု ဖြေကြားနိုင်ခြင်းမရှိပေ။ KIA သည် တပ်မတော်နှင့် ခုနစ်နှစ်အတွင်း တိုက်ပွဲများစွာ ဖြစ်ပွားခဲ့သည်။ မိုင်းလားအဖွဲ့သည် ကိုယ်စားလှယ် ၁၀ ဦးနှင့် အထောက်အကူအဖွဲ့ဝင် ၁၀ ဦး စုစုပေါင်း ၂၀ ဦး တက်ရောက်မည်ဟု ဦးကြည်မြင့်ကပြောသည်။ အဖွဲ့ကို ဒုဥက္ကဋ္ဌ ဦးစံပေ့ဦးဆောင်မည် ဖြစ်သည်။

တအာင်းအဖွဲ့(TNLA)ပြော ရေးဆိုခွင့်ရှိသူ ဗိုလ်မှူးမိုင်းအိုက် ကျော်ကလည်း ၎င်းတို့အဖွဲ့မှ ၂၁ ရာစုပင်လုံသို့ စေလွှတ်မည့် ခေါင်းဆောင်ကိုယ်စားလှယ်အဆင့်ကို ဇူလိုင် ၁၀ ရက်၌ အတိအကျ သိရမည်ဟု ဆိုသည်။

၂၁ ရာစုပင်လုံကို နေပြည် တော်၌ ဇူလိုင် ၁၁ ရက်ကစ၍ ခြောက်ရက်ကြာ ကျင်းပမည်ဖြစ် သည်။ NCA လက်မှတ် မထိုးရသေးသည့်  မြောက်ပိုင်းလက်နက် ကိုင်ခုနစ်ဖွဲ့သည် ၂၀၁၇ မေလက ကျင်းပခဲ့သည့်  ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးသို့ တရုတ်နိုင်ငံ၏ ကြားဝင်ညှိနှိုင်းပေးမှုဖြင့် တက်ရောက်ခဲ့သည်။