အစိုးရ၏ နိုင်ငံခြားငွေတည်ငြိမ်ရေး ဆွေးနွေးပွဲပြီးနောက် ဒေါ်လာတန်ဖိုးမြင့်တက်

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် နိုင်ငံခြားငွေလဲနှုန်း တည်ငြိမ် ရေးဆွေးနွေးပွဲ ကျင်းပပြီး နောက်တစ်ရက်တွင် ပြင်ပငွေကြေးဈေးကွက်၌ အမေရိကန် ဒေါ်လာတန်ဖိုးသည် တစ်ဒေါ်လာလျှင် ၁,၃၇၀ ကျပ်သို့ မြင့်တက်လာသည်။

ပြင်ပဈေးကွက်တွင် အမေရိကန်ဒေါ်လာတန်ဖိုးသည် ဇန်နဝါရီ နောက်ဆုံးပတ်ကစတင်၍ တစ်ဒေါ်လာ လျှင် ၁,၃၆၀ ကျပ်အောက်၌ အနည်းငယ် အတက်၊ အကျရှိခဲ့သော်လည်း ဖေဖော်ဝါရီ ၉ ရက် နံနက်ဈေးဖွင့် ချိန်တွင် တစ်ဒေါ်လာလျှင် ၁,၃၇၀ ကျပ်သို့ ရုတ်တရက်မြင့်တက်လာသည်။

ပြင်ပဈေးကွက်၌ ငွေလဲနှုန်းမြင့်တက်လာချိန်တွင် ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်းမှာ တစ်ဒေါ်လာလျှင် ၁၀ ကျပ် မြင့်တက်ခဲ့ပြီး ဖေဖော်ဝါရီ ၉ ရက်၌ တစ်ဒေါ်လာလျှင် ၁,၃၆၀ ကျပ်သို့ မြင့်တက်လာသည်။ ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်းသတ်မှတ်မှု မြင့်တက်လာခြင်းကြောင့် ပုဂ္ဂလိကဘဏ်များ၌ ဒေါ်လာရောင်းဈေးသည် တစ်ဒေါ်လာလျှင် ၁,၃၇၀ ကျပ်ခန့်သို့ မြင့် တက်လာသည်။

နိုင်ငံတကာတွင် ရွှေဈေးတက်နေပြီး ဒေါ်လာတန်ဖိုး ကျနေသော်လည်း မြန်မာနိုင်ငံ၌ ဒေါ်လာတန်ဖိုး တက်လာခြင်းသည် ပြည်တွင်းငွေကြေးကစားသူများကြောင့် ဖြစ်နိုင်သည်ဟု ပုဂ္ဂလိကဘဏ်တစ်ခုမှ အကြီးတန်း ဘဏ်အရာရှိတစ်ဦးက ပြော သည်။

ပြင်ပဈေးကွက်တွင် အမေရိကန်ဒေါ်လာတန်ဖိုး မြင့်တက်လာသကဲ့သို့ ပြည်တွင်းရွှေဈေးလည်း ကမ္ဘာ့ ရွှေဈေး မြင့်တက်မှုကြောင့် တစ်ကျပ်သားလျှင် ကျပ် ၉၀၀,၀၀၀ ကျော်သို့ မြင့်တက်လာသည်။ ကမ္ဘာ့ရွှေဈေးသည် ဖေဖော်ဝါရီ ၉ ရက်တွင် တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ၁,၂၄၀ ခန့် ဈေးရှိသည်။

နိုင်ငံခြားငွေလဲနှုန်း တည်ငြိမ်စေရေး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံ ဗဟိုဘဏ်ဥက္ကဋ္ဌတို့ အပါအဝင် စီးပွားရေးကဏ္ဍနှင့် သက်ဆိုင်သည့် အစိုးရအဖွဲ့များသည် နေပြည်တော် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာနရုံး တွင် ဖေဖော်ဝါရီ ၈ ရက်က တွေ့ဆုံပြီး အစည်းအဝေးပြု လုပ်ခဲ့သည်။

ထိုအစည်းအဝေးတွင် နိုင်ငံခြားငွေရောင်းဝယ်ခွင့် (AD) လိုင်စင်ရ ဘဏ်များအပါအဝင် နိုင်ငံခြားငွေ ကိုင်ဆောင်ခွင့်ရှိသူများအနေဖြင့် မြန်မာနိုင်ငံဗဟိုဘဏ်၏ နိုင်ငံခြားငွေ စီမံခန့်ခွဲမှုဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာရေး ကြပ်မတ်ဆောင်ရွက်ရန် အပါအဝင် ဘဏ်လုပ်ငန်းနှင့် သက်ဆိုင်သည့် ရှေ့ဆောင်ရွက်မည့်အစီအစဉ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

# 7 Day Daily