ယခုပညာသင်နှစ်မှစ၍ ဥပဒေအထူးပြုတတိယနှစ်တွင် လူ့အခွင့်အရေးဥပဒေဘာသာရပ်သင်ကြားမည်

တတိယနှစ်ဥပဒေအထူး ပြုဘာသာရပ်ကျောင်းသားများအား လူ့အခွင့်အရေးဥပဒေ (Human Rights Law) ဘာသာရပ်ကို ၂၀၁၆-၁၇ ပညာသင်နှစ်တွင် စတင်သင်ကြားမည်ဟု မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်မှ သတင်းရရှိသည်။ လူ့အခွင့်အရေးဥပဒေ (Hu-man Rights Law) ဘာသာရပ်ကို တက္ကသိုလ် ၁၈ ခုတွင် နေ့တက်နှင့် အဝေးသင် တက်ရောက်နေသည့် တတိယနှစ်သင်တန်းသားများအား သင်ကြားပေးမည် ဖြစ်သည်။

‘‘မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးပညာကို အဆင့်မြင့်ပညာရေးမှာ သင်ပေးပြီးတော့ ကျောင်းသားတွေ ကျောင်းပြီးသွားတဲ့အချိန်မှာ သူတို့တွေက တရားသူကြီးလည်း ဖြစ်ချင်ဖြစ်မယ်။ ဥပဒေ ပြဋ္ဌာန်းပြုစုတဲ့လူတွေလည်း ဖြစ်ချင် ဖြစ်မယ်။ နောက်ဆုံးဖြတ်ချက်ပေးနိုင်တဲ့ အဖွဲ့အစည်းတွေထဲမှာ ပါနိုင်တယ်။ ဒီလူတွေကို ကျောင်းသားဘဝ ကတည်းက လေ့ကျင့်ပျိုးထောင်ပေးလိုက်တာဖြစ်တယ်’’ ဟု အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင် ဒေါက်တာ ဒေါ်သန်းနွဲ့ က ပြောသည်။

လူ့အခွင့်အရေးဥပဒေဘာသာရပ်ကို တက္ကသိုလ်များတွင် သင်ကြားနိုင်ရေးနှင့်ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲ ကို ရန်ကုန်မြို့ ဆန်းမစ်ပါ့ခ်ဗျူးဟိုတယ်၌ ဇူလိုင် ၂၅ ရက်မှ ၂၇ ရက် အထိ သုံးရက်ကြာကျင်းပခဲ့သည်။ ‘‘လူ့အခွင့် အရေးပညာက နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက် အရေးကြီးပါတယ်။ ဒီအလုပ်ရုံဆွေးနွေးပွဲကနေ ဆရာ၊ ဆရာမတွေ က လူ့အခွင့်အရေးပညာနဲ့ပတ်သက်ပြီးတော့ ဘယ်လိုသင်ကြားရမလဲဆိုတာကို နားလည်ပြီး ကျောင်းသူ၊ ကျောင်း သားတွေကို သင်ကြားပေးဖို့ အတွေ့အကြုံတွေရရှိ လာမယ်လို့ မျှော်လင့်ပါတယ်’’ဟု ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က ပြောသည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်၊ ထိုင်းနိုင်ငံ မဟီဒေါ တက္ကသိုလ်မှ ပညာရှင်များ၊ တက္ကသိုလ် ၁၈ ခုရှိ ဥပဒေဘာသာရပ် ဌာနပါမောက္ခနှင့် တွဲဖက်ပါမောက္ခများ တက်ရောက်ခဲ့သည်။

‘‘ဆရာ၊ ဆရာမတွေကို အရည်အသွေးမြှင့်ဖို့အတွက် ဒီ Workshop ကိုလုပ်တာ။ လူ့အခွင့်အရေးပညာ သင်ကြားမယ့်အရည်အသွေးကို မြှင့်တင်ဖို့အတွက် မြန်မာ နိုင်ငံမှာရှိတဲ့ တက္ကသိုလ်တွေရဲ့ ဥပဒေဌာန ၁၈ ခုက ဆရာမ တွေကို ခေါ်ပြီးတော့ သင်ရိုးညွှန်းတမ်းလည်းရေးရမယ်။ ပြီးရင် သင်ပုံသင်နည်းကအစ ဆွေးနွေးသွားမယ်’’ ဟု ဒေါက်တာ ဒေါ်သန်းနွဲ့က ပြောသည်။

လူ့အခွင့်အရေးဥပဒေဘာ သာရပ်သင်ရိုးညွှန်းတမ်းကို မူ ကြမ်းရေးဆွဲပြီးစီးပြီဖြစ်ကာ ယခု အလုပ်ရုံဆွေးနွေးပွဲ အပြီး၌ အပြီးသတ်ရေးဆွဲမည်ဟုဆိုသည်။ အလုပ်ရုံ ဆွေးနွေးပွဲကို နော်ဝေးနိုင်ငံရှိ Human Rights Centerက ထောက်ပံ့ပေးခဲ့ပြီး မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့် ထိုင်းနိုင်ငံ မဟီဒေါတက္ကသိုလ်တို့ ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်သည်။ လူ့အခွင့်အရေးပညာနှင့်ပတ်သက်၍ အခြေခံပညာကဏ္ဍတွင် ပြည်သူ့နီတိဘာသာရပ်၌ ထည့်သွင်းသင်ကြားနေပြီး ယခုအခါ တတိယနှစ်ဥပဒေသင်တန်း၌ ဘာသာရပ်တစ်ခုအဖြစ် ထည့်သွင်းသင်ကြား ခဲ့ခြင်း ဖြစ်သည်။ 7 Day Daily


Leave a Reply