ပီအက်စ်ဂျီနှင့် ပွဲမပြီးဆုံးသေးကြောင်း အသင်းဖော်များကို စီရော်နယ်ဒို သတိပေး

ရီးရဲလ်တိုက်စစ်မှူး စီရော်နယ်ဒိုက ပီအက်စ်ဂျီနဲ့ ချန်ပီယံလိဂ်ပွဲမှာ မပြီးဆုံးသေးကြောင်း အသင်းဖော်များကို သတိပေးခဲ့ပြီး ဒု-ကျော့တွင် တိုက်စစ်ဆင်ကစားဖို့ တိုက်တွန်းခဲ့ပါတယ်။ ဘာနေဗျူးမှာ ပီအက်စ်ဂျီကို (၃-၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲမှာ စီရော်နယ်ဒိုဟာ ချန်ပီယံလိဂ်မှာ ကလပ်အသင်းတစ်သင်းတည်းအတွက် ဂိုး(၁၀၀)သွင်း ယူနိုင်ခဲ့တဲ့ ပထမဆုံး ကစားသမားဖြစ်လာခဲ့ပါတယ်။

စီရော်နယ်ဒိုဟာ ပီအက်စ်ဂျီနဲ့ပွဲမှာ အသင်းအတွက် ချန်ပီယံလိဂ်သွင်းဂိုး (၁၀၀)ပြည့်နဲ့ (၁၀၁)ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။ နောက်တစ်ဆင့်တက်ဖို့ အခြေအနေကောင်းနေပေမယ့် မတ်လ(၆)ရက်၊ ပဲရစ်မှာ ဒု-ကျော့ ကစားရဖို့ ရှိနေသေးတယ်လို့ စီရော်နယ်ဒိုက သတိပေးခဲ့ပါတယ်။

စီရော်နယ်ဒိုက “ ပရိသတ်တွေက ကျွန်တော်တို့ကို အများကြီး အကူအညီပေးခဲ့ပါတယ်။ သူတို့ရဲ့နွေးထွေးမှုကို ကျွန်တော်တို့ ခံစားခဲ့ရပါတယ်။ မာဆယ်လိုရဲ့ ပွဲသိမ်းဂိုးက ကျွန်တော်တို့အတွက် အလွန်အရေးပါခဲ့ပါတယ်။ သူဟာ ပွဲကောင်းတစ်ပွဲကို ကစားခဲ့ပြီး ဂိုးသွင်းယူမှုနဲ့ ထိုက်တန်ပါတယ်။ ပီအက်စ်ဂျီနဲ့ပွဲက မပြီးသေးပါဘူး။ ပဲရစ်ကိုသွားပြီး ဂိုးတွေ သွင်းယူကာ နိုင်ပွဲရယူရပါဦးမယ်” လို့ ပြောကြားခဲ့ပါတယ်။

 

-Ref; Sky sports