ထိုင်း လူ့ အခွင့်အရေးနှင့် ပတ်သက်၍ ကန်သံအမတ် ဝေဖန်မှု ထိုင်း အစိုးရ အမျက်ထွက်

13221690_1164875166876813_1116066631887046415_n

ထိုင်းနိုင်ငံဆိုင်ရာ ကန်သံအမတ်၏ ထိုင်းနိုင်ငံလူ့အခွင့်အရေးအပေါ် ဝေဖန်မှုနှင့်စပ်လျဉ်း၍ ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက ကြီးစွာမနှစ်မြို့ဟု သိရသည်။

ပြီးခဲ့သည့်အပတ် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမူနွင်နိုင်းနှင့် တွေ့ဆုံအပြီး အင်တာဗျူးတစ်ခုအတွင်း သံအမတ် ဂလင်းဒေဗီးစ်က နိုင်ငံတွင်း လူ့အခွင့်အရေးနှင့် ပတ်သက်၍ ၎င်းအနေဖြင့် စိုးရိမ်မကင်းဖြစ်မိကြောင်း ပြောခဲ့သည် ဟု သိရသည်။ ယင်းသို့ပြောဆိုခဲ့မှုအပေါ် ထိုင်းအစိုးရအနေဖြင့်ရော ပြည်သူများကပါ များစွာဘဝင်မကျဖြစ်ရကြောင်း ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာ က ဆိုသည်။

”သံအမတ်ကြီးရဲ့ ဝေဖန်မှုနဲ့ပတ်သက်လို့ ပြည်သူတွေက အလွန့်ကို မကျေမချမ်းဖြစ်လျက်ရှိပါတယ်။ သူတို့ စိတ်ပြေ အောင်လုပ်ဖို့က ကျွန်တော့်တာဝန်ပါ။ သူ့ရဲ့အမြင်က နှစ်နိုင်ငံဆက်ဆံရေးကို အထစ်အငေါ့ဖြစ်စေပါတယ်။ သူဒီလို ပိုင်စိုးပိုင်နင်းပြောရအောင် ကျွန်တော်တို့နိုင်ငံဟာ အမေရိကန်ကိုလိုနီ မဟုတ်ပါဘူး” ဟု ဝန်ကြီးချုပ်ကဆိုသည်။

အင်တာဗျူးမလုပ်မီ စည်းဝေးပွဲကျင်းပခြင်းဖြစ်ရာ နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံရာတွင် ၎င်း၏သဘောထားကို တိုက်ရိုက် ပြောကြားသင့်လျက် ပြင်ပအင်တာဗျူးတွင်သာ ပြောခဲ့သည့်အတွက် ယခုကဲ့သို့ ဘဝင်မကျဖြစ်နေကြခြင်း ဖြစ်သည်။

“သံအမတ်ကြီးအနေနဲ့ နိုင်ငံခြားရေးဝန်ကြီးကို တိုက်ရိုက်မပြောခဲ့ဘဲ အပြင်ရောက်မှပြောတာ မသင့်လျော်တဲ့အရာပါ။ ယူအက်စ်ဒီမိုကရေစီ ကျင့်ထုံးတွေကို အခြေခံပြီး မီဒီယာတွေပြောတာကို အခြေပြုဝေဖန်တယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ နှစ်နိုင်ငံ ချစ်ကြည်ရေးကို ထောက်ရှုပြီး သံအမတ်ကြီးကို တစ်စုံတစ်ရာ အရေးမယူပါဘူး” ဟု ဝန်ကြီးချုပ်က ထပ်လောင်းပြောကြားသည်။

ကန်သံအမတ်၏ ဝေဖန်ချက်ကြောင့် နိုင်ငံရေးအသိုင်းအဝိုင်းတွင် လှုပ်လှုပ်ရှားရှားဖြစ်သွားခဲ့ရာ နိုင်ငံရေးသမား ဟောင်းနှင့် ရာဆစ်တက္ကသိုလ်ပါမောက္ခချုပ် အာသစ်အို ရိုင်ယက်က အဆိုပါ သံအမတ်ကို ‘မလိုလားအပ်သူ’ အဖြစ် သတ်မှတ်၍ နိုင်ငံတွင်းမှ နှင်ထုတ်ရန် တောင်းဆိုသည်။ ထိုင်းဒီမိုကရက်ပါတီ ပြောခွင့်ရ မယ်လီကာက သံအမတ် ဒေးဗီးစ်ပုံအောက်တွင် ‘ထွက်သွား’ ဟု စာတမ်းထိုးပြီး ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်တွင်တင်ခဲ့ရာ လူပေါင်း ၅ဝဝဝ ခန့် ‘Like’ လုပ်ကြကြောင်း သိရသည်။

အထက်ဖော်ပြပါ ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် မိနစ် ၉ဝ ကြာတွေ့ဆုံအပြီး သံအမတ် ဒေးဗီးစ်က ထိုင်းမီဒီယာများသို့ ထုတ်ပြန်ချက်တစ်ခု ဖတ်ပြခဲ့ရာ အဆိုပါထုတ်ပြန်ကြေညာချက်တွင် အွန်လိုင်းပို့စ်တင်မှုကြောင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများကို အစိုးရက ဖမ်းဆီးနေမှုအတွက် ကန် တို့က သောကမကင်းဖြစ်မိကြောင်း ပါရှိသည်ဟု သိရသည်။ (ပြည်မြန်မာ)


Leave a Reply