ရုရှားက ယူကရိန်းမှာ ထိုးစစ်သစ်စတင်နေပြီလို့ နေတိုးအကြီးအကဲ ပြောကြား

မော်စကိုရဲ့ ကျူးကျော်မှု နှစ်ပတ်လည်နေ့ မတိုင်ခင် ရက်အနည်းငယ်အလိုမှာ ရုရှားက ထိုးစစ်သစ် စတင်နေပြီဖြစ်ကြောင်း ယူကရိန်းအရာရှိတွေရဲ့ပြောကြားမှုတွေကို နေတိုးအဖွဲ့ အကြီးအကဲ က ထောက်ခံလိုက်ပြီး ယူကရိန်း အရှေ့ပိုင်း ဘက်မွတ်မြို့က လက်နက်ကြီးတွေနဲ့ တိုက်ခိုက်မှုကို ခံနေရပါတယ်။

ဘက်မွတ်မြို့ကို သိမ်းပိုက်ရေးက သမ္မတ ဗလာဒီမာပူတင်ရဲ့ အဓိက ရည်မှန်းချက်တစ်ခုဖြစ်ပြီး သိမ်းပိုက်နိုင်ခဲ့ရင် ဒိုနက်စ်ဒေသမှာ ရုရှားတို့အတွက် ခြေကုပ်နေရာသစ် တစ်ခုဖြစ်လာမယ်လို့ ဆိုပါတယ်။

ဒိုနက်စ် နဲ့ လူဟန့်စ် ပြည်နယ်နှစ်ခုပါဝင်တဲ့ ယူကရိန်း ရဲ့ စက်မှုထွန်းကားရာ ဒွန်ဘတ်စ်ဒေသကြီးဆိုတာ ရုရှားတို့ က သူတို့ပိုင်နက်ထဲ သွတ်သွင်းထားပြီး အပြည့်အဝ ထိန်းချုပ်မှု ရယူချင်တဲ့ ယူကရိန်းဒေသတွေ ဖြစ်ပါတယ်။

“ သူတို့ တပ်ဖွဲ့တွေ၊ လက်နက်တွေနဲ့ စွမ်းဆောင်ရည်တွေ ပိုပြီး ပို့ဆောင်နေတာကို ကျွန်တော်တို့ မြင်တွေ့နေရပါတယ်”လို့ နေတိုးအဖွဲ့ အတွင်းရေးမှူးချုပ် ဂျန် စတိုလ်တန်ဘာ့ဂ် က ပြောကြားပြီး ဒါက ယူကရိန်းမှာ ထိုးစစ်သစ်စတင်နေပြီဆိုတာကို ပြသနေကြောင်း သူက ဆက်ပြောပါတယ်။

ဘက်မွတ်မြို့ က ရုရှားထိုးစစ်ကို ဝက်ဂနာအုပ်စုလို့ခေါ်တဲ့ ကြေးစားတပ်ဖွဲ့တွေ က ဦးဆောင်နေတာဖြစ်ပါတယ်။

-Ref: Reuters/ic/ec