မွန်ဆိုးလ်မြို့ အစိုးရရုံးချုပ်ကို ပြန်လည်သိမ်းပိုက် ရရှိဟု အီရတ်တပ်ဖွဲ့ ကြေညာ

အိုင်အက်စ်အကြမ်းဖက်တွေ သိမ်းပိုက်ထားတဲ့ မွန်ဆိုးလ်မြို့အနောက်ပိုင်းကို ဆက်လက်ထိုးစစ်ဆင်နေတဲ့ အီရတ် တပ်ဖွဲ့တွေ မတ်လ ၇ ရက်နေ့မှာပဲ မွန်ဆိုးလ်မြို့ အစိုးရရုံးချုပ်ကို ပြန်လည်သိမ်းပိုက်ရရှိပြီလို့ အီရတ်တပ်ဖွဲ့တွေက ကြေညာပါတယ်။

 

အဲ့ဒီကနေ လူနေပိုမိုသိပ်သည်းပြီး အိုင်အက်စ်အကြမ်းဖက်တွေ အခိုင်အမာ နေရာယူထားတဲ့ မွန်ဆိုးလ် မြို့ဟောင်းကို ဆက်လက်ထိုးစစ်ဆင်ကြမယ်လို့ အီရတ်စစ်တပ် သတင်းရင်းမြစ်တွေက ပြောပါတယ်။

ထိုးစစ် ပိုမိုပြင်းထန် သိပ်သည်းလာတာနဲ့အမျှ မွန်ဆိုးလ်ထဲက ထွက်ခွာလာတဲ့ အရပ်သားတွေလည်း များပြား လာပါတယ်။

မတ်လ ၆ ရက်နေ့ကလည်း မဟာဗျူဟာကျတဲ့ နောက်ထပ် တိုက်ကရစ်မြစ်ကူးတံတားတစင်းကို အီရတ်တပ်ဖွဲ့တွေ သိမ်းပိုက်နိုင်ခဲ့ပါတယ်။

မွန်ဆိုးလ်မြို့သိမ်း စစ်ဆင်ရေးတွေ စတင်ခဲ့တဲ့ ပြီးခဲ့တဲ့ အောက်တိုဘာလကတည်းကစပြီး အီရတ်တပ်ဖွဲ့တွေ ဒုတိယသိမ်းပိုက်ရရှိခဲ့တဲ့ တံတားဖြစ်ပါတယ်။

တိုက်ကရစ်မြစ်ကူးတံတား ၅ စင်းလုံးဟာ မွန်ဆိုးလ်မြို့ အရှေ့ခြမ်းနဲ့ အနောက်ခြမ်း အိုင်အက်စ် အကြမ်းဖက်တွေ မကူးနိုင်အောင် မဟာမိတ်လေတပ်တွေက ပစ်ခတ်ဖျက်ဆီးခဲ့တာပါ။

မွန်ဆိုးလ်မြို့ဟာ အီရတ်နိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ကြီးဖြစ်ပြီး အီရတ်နိုင်ငံ၊ အိုင်အက်စ် အကြမ်းဖက်တွေရဲ့ နောက်ဆုံးအမာခံမြို့ကြီးလည်း ဖြစ်ပါတယ်။

တိုက်ကရစ်မြစ် အရှေ့ခြမ်းကိုတော့ အီရတ်တပ်ဖွဲ့တွေ ပြီးခဲ့တဲ့ ဇန်နဝါရီလက သိမ်းပိုက်ရရှိခဲ့ပြီး ဖြစ်ပါတယ်။

(ရိုက်တာ)