တိုင်းရင်းသား လက်နက်ကိုင် ထိပ်သီး အစည်းအဝေးကို ဧပြီအတွင်း ကျင်းပနိုင်ရန် စီစဉ်

တစ်နိုင်ငံလုံးအပစ်ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် NCA မထိုးရသေးသည့်အဖွဲ့များပါဝင်သည့် တိုင်းရင်းသား လက်နက်ကိုင်ထိပ်သီး ခေါင်းဆောင် များအစည်းအဝေးကို ဧပြီအတွင်း ကျင်းပနိုင်ရန် စီစဉ်နေကြောင်း သတင်းရရှိသည်။

အဆိုပါ ထိပ်သီးခေါင်းဆောင်အစည်းအဝေးကို ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေး မကျင်းပမီ ခေါ်ယူနိုင်ရေး ပြင်ဆင်နေပြီး ကရင်ပြည်နယ်ရှိ လော်ခီးလာ (သို့မဟုတ်) ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပနိုင်ဖွယ်ရှိကြောင်း ပအိုဝ်းလက်နက်ကိုင်အဖွဲ့ (PNLO) ဦးဆောင်နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

‘‘လက်မှတ်ထိုးတဲ့အဖွဲ့ရော မထိုးတဲ့အဖွဲ့ရောပါဝင်တဲ့ တိုင်းရင်းသားထိပ်သီးအစည်းအဝေးကိုလည်း ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။ မတ်လကိုကျော်ပြီး ဧပြီလောက်မှာတော့ တိုင်းရင်းသားထိပ်သီး ညီလာခံ ခေါ်နိုင်မလားဆိုပြီး ကြိုတင်ပြင်ဆင်ထားတာရှိပါတယ်’’ ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU)၏ (၁၆)ကြိမ်မြောက် ညီလာခံကို မတ်လ ၁၄ ရက်မှ မတ်လကုန်အထိ ကျင်းပရန်ရှိ၍ တိုင်းရင်းသားထိပ်သီးအစည်းအဝေးကို ဧပြီမှသာ ကျင်းပနိုင်ဖွယ်ရှိသည် ဟု KNU အတွင်းရေးမှူး ချုပ် ဖဒိုစောကွယ်ထူးဝင်းက ပြောသည်။

တိုင်းရင်းသားထိပ်သီးခေါင်းဆောင် အစည်းအဝေးခေါ်ယူရခြင်းမှာ နိုင်ငံရေးဆိုင်ရာ အခြေခံမူများ၊ နိုင်ငံရေး ဆွေးနွေးပွဲတွင် ပါဝင်ရမည့် ပုဂ္ဂိုလ်အချိုးအစား စသည်တို့နှင့်ပတ်သက်ပြီး NCA ထိုးထားသော အဖွဲ့နှင့် မထိုးရ သေးသည့်အဖွဲ့များ နှစ်ဖက်စလုံးက လက်ခံနိုင်သည့် အခြေအနေမျိုးရရှိရေး ဆောင်ရွက်ရန်ဖြစ်သည်ဟု ၎င်းက ပြောသည်။

UNFC တွင် ကချင်လက်နက်ကိုင်အဖွဲ့ (KIO)၊ ရှမ်းလက်နက်ကိုင်အဖွဲ့ (SSPP) တို့အပါအ၀င် NCA မထိုးရသေး သည့်အဖွဲ့ခုနစ်ဖွဲ့ဖြင့် စုဖွဲ့ထားပြီး လက်ရှိတွင် အစိုးရနှင့် NCA လက်မှတ်ထိုးနိုင်ရေး ညှိနှိုင်းနေရာ UNFC ၏ အဆိုပြုချက်များကို မူအားဖြင့် နှစ်ဖက်သဘောတူထားသည်။

တစ်ဖက်တွင် ‘၀’ လက်နက်ကိုင်အဖွဲ့ (UWSA) နှင့် မိုင်းလားလက်နက်ကိုင်အဖွဲ့ (NDAA)တို့ အပါအ၀င် မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့များက NCA မထိုးဘဲ UWSA ၏ ဦးဆောင်မှုဖြင့် အစိုးရနှင့် နိုင်ငံရေးဆွေးနွေးရန် ဖေဖော်ဝါရီက ပန်ခမ်းတွင် ကျင်းပသည့် ညီလာခံ၌ ဆုံးဖြတ်ထားသည်။

ထူးခြားသည်မှာ UNFC ဦးဆောင်အဖွဲ့များဖြစ်သော KIO နှင့် SSPP တို့သည် UWSA ဦးဆောင်ကျင်းပသည့် ပန်ခမ်းအစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး အဆိုပါ အစည်းအဝေးဆုံးဖြတ်ချက်တွင် အထက်ပါ အဖွဲ့အစည်းများ လည်းပါဝင်နေသည်။

# 7 Day Daily