အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ မေ ၂၂ ရက်တွင် မြန်မာနိုင်ငံသို့လာရောက်မည်

13241354_1164729426891387_1072210752114088668_n

အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီး မစ္စတာဂျွန်ကယ်ရီသည် မေလ (၂၂) ရက်တွင် မြန်မာနိုင်ငံသို့ လာ ရောက်မည်ဖြစ်ပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း သိရသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဂျွန်ကယ်ရီသည် ၎င်း၏ အာရှ-ပစိဖိတ်ခရီးစဉ်အဖြစ် မေ (၁၄) ရက်မှ (၂၆) ရက်အထိ မြန်မာနိုင်ငံအပါအဝင် ဆော်ဒီအာရေးဗျ၊ သြစတြီးယား၊ ဘယ်လ်ဂျီယံနှင့် ဗီယက်နမ်နိုင်ငံများသို့ သွား ရောက်မည်ဖြစ်ကြောင်း မေ (၁၃) ရက်စွဲဖြင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားသည်။

မစ္စတာဂျွန်ကယ်ရီ၏ မြန်မာနိုင်ငံသို့လာရောက်သည့်ခရီးစဉ်သည် မေ ၂၂ ရက်နေ့တစ်ရက်သာ ကြာမြင့်မည်ဖြစ်ပြီး မြန်မာအရပ်သားအစိုးရသစ် ရှေ့ဆက်ဆောင်ရွက်ရမည့် နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို အမေရိကန်နိုင်ငံအနေဖြင့် ထောက်ခံကြောင်း ပြသလို၍ လာရောက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်များမှ သိရသည်။

၁၉၈၈ နောက်ပိုင်းတွင် အမေရိကန်ဘက်မှ အရေးယူပိတ်ဆို့မှုများ ပြုလုပ်ခဲ့သောကြောင့် မြန်မာနှင့် အမေရိကန် နှစ်နိုင်ငံ ဆက်ဆံရေးသည်ဝေးကွာခဲ့သော်လည်း မြန်မာ့နိုင်ငံရေးအခင်းအကျင်း ပြောင်းလဲခဲ့သည့် ၂ဝ၁၁ နှင့် ၂ဝ၁၆ ခုနှစ်များအတွင်း ဆက်ဆံရေး ပြန်လည်ကောင်းမွန်ခဲ့သည်။

မြန်မာနိုင်ငံသို့ ၂ဝ၁၁ ခုနှစ် နိုဝင်ဘာလတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်၊ ၂ဝ၁၂ ခုနှစ် နိုဝင်ဘာလနှင့် ၂ဝ၁၄ နိုဝင်ဘာလတွင် အမေရိကန် သမ္မတ အိုဘားမား၊ ၂ဝ၁၄ ခုနှစ် သြဂုတ်လတွင် အမေရိကန်နိုင်ငံခြား ရေးဝန်ကြီး ဂျွန်ကယ်ရီတို့ လာရောက်ခဲ့ပြီး ယခုအကြိမ်သည် ဂျွန်ကယ်ရီ၏ ဒုတိယမြောက် ခရီးစဉ်ဖြစ်သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မစ္စစ်ဟီလာရီကလင်တန်နေရာတွင် ဆက်ခံနိုင်ရန်အတွက် အမေရိကန်သမ္မတ အိုဘားမား က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီအား အမည်စာရင်းတင်သွင်းခဲ့ပြီး အထက်လွှတ်တော်၏ အတည်ပြုမှုဖြင့် ၂ဝ၁၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် အမေရိကန်ပြည်ထောင်စု၏ နိုင်ငံခြားရေး ဝန်ကြီးအဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့ခြင်း ဖြစ်သည်။

ပြည်မြန်မာ


Leave a Reply