ယီမင်ရှိ ပိုက်ဆံ ပေးကမ်းစွန့်ကြဲသော အလှူပွဲအတွင်း လူအုပ်ပိမှုဖြစ်ပွား, လူ ၈၅ ဦး ထက်မနည်း သေဆုံး

ယီမင်နိုင်ငံတွင် ဧပြီလ ၂၀ ရက် ကြာသပတေးနေ့က ပိုက်ဆံ ပေးကမ်းစွန့်ကြဲသော အလှူပွဲတစ်ခုအတွင်း လူအုပ်ပိမှု ဖြစ်ပွားခဲ့ခြင်းကြောင့် လူအယောက် ၈၀ ကျော် သေဆုံးကာ ရာနှင့်ချီ၍ ဒဏ်ရာရရှိခဲ့ကြောင်း ဟူသီအာဏာပိုင်များက ပြောကြားခဲ့သည်။

ရာနှင့်ချီသော လူများသည် ယီမင်မြို့တော် ဆာနာရှိ ကျောင်းတစ်ကျောင်းတွင် ပေးလှူနေသော ယီမင် ရီရယ် ၅၅၀၀ (၈ ဒေါ်လာခန့်) ရှိသော ငွေသားများကို လက်ခံရယူရန်အတွက် စုဝေးခဲ့ကြရာမှ ယခုကဲ့သို့ လူအုပ်ပိမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထိုဖြစ်ရပ်ကြောင့် လူ ၈၅ ဦး ထက်မနည်း သေဆုံးပြီး ၃၃၂ ဦးကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဟူသီ လုံခြုံရေးအရာရှိတစ်ဦးက ပြောသည်။ သေဆုံးသူများတွင် ကလေးများနှင့် အမျိုးသမီးများလည်း ပါဝင်သည်။

သေဆုံးသူများနှင့် ဒဏ်ရာရသူများကို ဆေးရုံများသို့ ရွှေ့ပြောင်းပေးထားပြီး အဆိုပါဖြစ်ရပ်အတွက် တာဝန်ရှိသူ များကိုမူ ဖမ်းဆီးထိန်းသိမ်းထားကြောင်း ဟူသီဦးစီးသော ပြည်ထဲရေးဝန်ကြီးဌာနက ပြောကြားထားသည်။

တာဝန်ရှိသူများက လူများ စုပြုံပြည့်သိပ်ခဲ့သောကြောင့် လူအုပ်ပိခဲ့သည်ဟု ပြောထားသော်လည်း မျက်မြင် သက်သေများကမူ သေနတ်ကြောင့် ကြောက်လန့်တကြား ပြေးကြရာမှ ယခုကဲ့သို့ ဖြစ်ပွားခဲ့သည်ဟု ပြောလာသည်။

Source:CNA