ရွှေကျင်မြို့နယ် ဘောကထာ-ရွှေကျင်သွားကားလမ်းရှိ အင်္ဂနီတံတား မိုင်းဖောက်ခွဲခံရ

ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ်၌ ဘောကထာ-ရွှေကျင်သွားကားလမ်းရှိ တံတားအမှတ်(၃/၈၆) အင်္ဂနီတံတား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံရကြောင်း သိရသည်။

ဧပြီ ၁၇ ရက် နံနက် ၁၁ နာရီတွင် ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင် မြို့နယ်၊ ဘောကထာ-ရွှေကျင်သွား ကားလမ်းပေါ်ရှိ အင်္ဂနီတံတားအား  PDF နှင့်အခြားလက်နက်ကိုင် ပူးပေါင်းအဖွဲ့များက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါနေရာတွင် မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့မှုကြောင့် အရှည် ၅၀ ပေ၊ အကျယ် ၃၀ ပေခန့်ရှိ သံကူကွန်ကရစ်အမျိုးအစား တံတား၏ ဘောကထာဘက်ခြမ်းမှ တံတားကြမ်းခင်းအကျယ်ပေ၂၀ ခန့်၊ အလျားပေ၂၀ ခန့်နှင့် ဝဲ/ယာလက်ရမ်းပေ ၂၀ ခန့်တို့ ပျက်စီးခဲ့ပြီး မော်တော်ယာဉ်ကြီးများ ဖြတ်သန်းသွားလာ၍မရရှိဘဲ မော်တော်ယာဉ်ငယ်နှင့် ဆိုင်ကယ်များသာ ဖြတ်သန်းသွားလာ၍ ရရှိကြောင်းသိရသည်။

အထက်ပါဖြစ်စဉ်မှ ပျက်စီးသွားသည့် တံတားအား ပြန်လည်ပြုပြင်နိုင်ရေး တာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိကြောင်းနှင့် တံတားအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးသွားခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

#Eleven