ဂျပန်တွင် ၃၇ နှစ်ဆက်တိုက် ကလေးဦးရေ ကျဆင်းလာ

ဂျပန်နိုင်ငံတွင် ကလေးဦးရေမှာ ၃၇ နှစ်ဆက်တိုက် ကျဆင်းလာနေကြောင်း သိရှိရသည်။ ထိုအခြေအနေက ဂျပန် လူ့အဖွဲ့အစည်းတွင် သက်ကြီးရွယ်အို ဦးရေက အချိုးအစား များပြားနေသည့် ပြဿနာကို တွန်းလှန် ဖြေရှင်းရာတွင် ကြီးမားသော အခက်အခဲ တစ်ခုအဖြစ် ရှိလာစေသည်။

၂၀၁၈ ခုနှစ်၊ ဧပြီလ ၁ ရက်ထိ စာရင်းများ၌ ဂျပန်တွင် အသက် ၁၄ နှစ်အောက် ကလေးဦးရေ ၁၅.၅၃ သန်း ရှိနေကြောင်း ဖော်ပြထားသည်။ ယင်းသည် ၂၀၁၇ နှင့် ယှဉ်ပါက ကလေးအရေအတွက် တစ်သိန်း ခုနစ်သောင်းမျှ လျော့နည်းသွားခြင်း ဖြစ်သည်။

ဂျပန်တွင် အရွယ်မရောက်သေးသည့် ကလေးဦးရေသည် ၁၉၈၁ ခုနှစ်ကတည်းကစ၍ တသမတ်တည်း တရိပ်ရိပ် ကျဆင်းလာနေကြောင်း စစ်တမ်းကို ထုတ်ပြန်သည့် ပြည်ထဲရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနက ကြေညာခဲ့သည်။

လက်ရှိ ရှိနေသည့် ကလေးများအနက် အသက် ၁၂ နှစ်နှင့် ၁၄ နှစ်ကြား အရွယ်မှာ အများဆုံးဖြစ်ပြီး ၃.၂၆ သန်းမျှ ရှိနေသည်။ ၎င်းတို့သည်လည်း မကြာမီတွင် အရွယ်ရောက်သူများ စာရင်းထဲသို့ ကူးပြောင်း ပါဝင်သွားတော့မည် ဖြစ်ရာ ဂျပန်၏ ကလေးဦးရေသည် ဆက်လက် ကျဆင်းနေမည့်သဘောသို့ ဦးတည်နေသည်။

ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၏ အစိုးရက ဂျပန်တွင် စုံတွဲများ အနေဖြင့် ကလေးယူဖြစ်ရန် ပိုမို တွန်းအားပေး ကူညီနေသည့်တိုင် ပြီးခဲ့သည့် နှစ်အတွင်း ကလေးအရေအတွက် တိုးလာသည့် နေရာဆို၍ တိုကျိုမြို့တော် တစ်ခုသာ ရှိခဲ့ကြောင်း သိရသည်။

ဂျပန်၏ လူဦးရေ စုစုပေါင်းမှာ ၁၂၆ သန်းကျော် ရှိနေပြီး ကလေးအရေအတွက်မှာ ၁၂.၃ ရာခိုင်နှုန်းမျှသာ ရှိနေသည်။ အမေရိကန်တွင် ကလေးဦးရေသည် စုစုပေါင်း လူဦးရေ၏ ၁၈.၉ ရာခိုင်နှုန်း၊ တရုတ်တွင် ၁၆.၈ ရာခိုင်နှုန်း၊ အိန္ဒိယတွင် ၃၀.၈ ရာခိုင်နှုန်း အသီးသီး ရှိကြသည်။

ဂျပန် မီဒီယာများက အစိုးရ အနေဖြင့် ပြည်တွင်းတွင် ကလေးမွေးဖွားနှုန်းကို မြှင့်တင်ရန် ဘက်ပေါင်းစုံမှ အစီအမံများ ချမှတ် ကြိုးစားနေကြောင်း ဖော်ပြခဲ့သည်။ အထူးသဖြင့် ကလေးမွေးဖွားမှုအတွက် ငွေကြေးအရ ထောက်ပံ့ခြင်းနှင့် အခြားဝန်ဆောင်မှုများ ပေးအပ်ခြင်းတို့ကို စီစဉ် ကူညီလျက်ရှိသည်။

ဂျပန် လူ့အဖွဲ့အစည်းတွင် နိစ္စဓူဝ အလုပ်များမြောင်လွန်းခြင်းနှင့် စရိတ်စက ကြီးမားခြင်း အစရှိသည့် ပြဿနာများကြောင့် ကလေးယူရန် တွန့်ဆုတ်နေလေ့ ရှိသည်။ အကယ်၍ ကလေးယူနှုန်း လျော့နည်းသွားပါက နိုင်ငံ၏ လူဦးရေ တိုးပွားမှုကိုပါ ထိခိုက်လာမည် ဖြစ်သည်။

ကျန်းမာရေး ဝန်ကြီးဌာနက အကယ်၍ ကလေးယူနှုန်း ဆက်တိုက် ကျဆင်းနေမည် ဆိုပါက နိုင်ငံ၏ လူဦးရေသည် လက်ရှိတွင် ၁၂၆.၂၆ သန်း ရှိနေသော်လည်း ၂၀၆၀ ပြည့်နှစ်တွင် ၈၆.၇၄ သန်းမျှသာ ကျန်နိုင်ကြောင်း သတိပေးထားသည်။ 

Ref: CNN