အိန္ဒိယသည် လူဦးရေအများဆုံးနိုင်ငံ ဖြစ်လာတော့မည်

အိန္ဒိယနိုင်ငံဟာ တရုတ်နိုင်ငံကို ကျော်လွန်ပြီး ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံအဖြစ် ရောက်ရှိလာတော့မယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်လိုက်တဲ့ အချက်လက်တွေက ဖော်ပြနေပါတယ်။ အိန္ဒိယနိုင်ငံရဲ့ လူဦးရေဟာ ၂၀၂၃ ခုနှစ် နှစ်လယ်ပိုင်းလောက်မှာ တရုတ်နိုင်ငံရဲ့ လူဦးရေထက် ၂.၉ သန်း ပိုများနိုင်တယ်လို့ဆိုပါတယ်။ ကိန်းဂဏန်း အတိအကျဆိုရင် အခုနှစ်ရဲ့ နှစ်လယ်ပိုင်းမှာ အိန္ဒိယရဲ့ လူဦးရေဟာ ခန့်မှန်းခြေ သန်း ၁၄,၂၈၆ အထိရှိနိုင်ပြီး တရုတ်နိုင်ငံရဲ့ လူဦးရေဟာ သန်း ၁၄,၂၅၇ ရှိနေနိုင်တာပါ။

ကုလသမဂ္ဂရဲ့ လူဦးရေအချက်အလက် ကောက်ခံ မှုစတင်တဲ့ ၁၉၅၀ ခုနှစ်လောက်ကစပြီး တရုတ်နိုင်ငံဟာ ကမ္ဘာ့လူဦးရေ အများဆုံးနိုင်ငံအဖြစ် ရပ်တည်လာခဲ့ တာဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံဟာ ဆယ်စုနှစ်အတွင်းမှာ တရုတ်နိုင်ငံရဲ့ လူဦးရေကို ကျော်လွန်လာနိုင်လိမ့်မယ်လို့ လည်းဆိုထားပါတယ်။ ဒါဟာ တရုတ်နိုင်ငံမှာ အိမ်ထောင်စုတွေက ကလေးသိပ်မယူကြတော့တဲ့အတွက် မွေးဖွားနှုန်းကျဆင်းလာသလို အသက်ကြီးပိုင်းတွေလည်း များပြားလာပြီး နိုင်ငံရဲ့တိုးတက်မှုလည်း နှေးကွေး လာနေတာကြောင့်ဖြစ်ပါတယ်။

ဒီအနေအထားမှာ အိန္ဒိယရဲ့ လူဦးရေဟာ ထင်မှတ်မထားဘဲ အချိန်စောပြီး တရုတ်နိုင်ငံရဲ့ လူဦးရေကို ကျော်လွန်လာဖို့ ရှိနေတာပါ။ လက်ရှိ အိန္ဒိယနိုင်ငံမှာ မွေးဖွားနှုန်း မြင့်မားလာသလို မွေးကင်းစကလေး သေဆုံးတဲ့နှုန်း ကျဆင်းလာတဲ့အပြင် အလုပ်လုပ်ကိုင်နိုင်တဲ့ လူငယ်ဦးရေကလည်း အများအပြား ရှိနေပါတယ်။ အခုလို အိန္ဒိယမှာ လူဦးရေ ဆက်လက်တိုးတက်လာတာက လူမှုရေးနဲ့ စီးပွားရေး အပေါ် အကျိုးသက်ရောက်မှုတွေရှိလာနိုင်ပြီး လာမယ့် ဆယ်စုနှစ်တွေမှာ နိုင်ငံရဲ့ တိုးတက်မှုနှုန်းကို ငယ်ရွယ်တဲ့ လုပ်သားအင်အားစုက ပံ့ပိုးအားဖြည့်ပေးနိုင်လိမ့်မယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။