ဆူဒန်နိုင်ငံအနီး ကန်တပ်ဖွဲ့များ အသင့်ချထား

အာဖရိကတိုက် အရှေ့မြောက်ပိုင်းက ဆူဒန်နိုင်ငံမှာ စစ်ခေါင်းဆောင် ၂ ဦး တိုက်ပွဲဖြစ်ပြီး တင်းမာမှုမှုတွေ မြင့်တက်နေလို့ မြို့တော် ခါတွန်းက အမေရိကန်သံရုံးဝန်ထမ်းတွေကို လိုအပ်ရင် ကယ်ထုတ်နိုင်ဖို့ အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်က ဆူဒန်အနီးမှာ စစ်အင်အားတွေ နေရာချထားပါတယ်။

အမေရိကန်အာဖရိက စစ်ဌာနချုပ်က ဆူဒန်နိုင်ငံရဲ့ အခြေအနေကို စောင့်ကြည့်နေပြီး ဖြစ်နိုင်ခြေ အမျိုးမျိုး အတွက် သင့်လျော်တဲ့ အစီအစဉ်တွေ ပြင်ဆင်နေတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

“မူဝါဒနဲ့ လုံခြုံရေးကိစ္စရပ် အနေနဲ့ အနာဂတ်မှာ ဘာတွေ ဖြစ်လာနိုင်တယ် ဆိုတာကို မှန်းဆ ပြောဆိုတာမျိုး မလုပ်ဘူး” လို့လည်း ဆိုပါတယ်။

ဆူဒန်မှာ ဧပြီ ၁၅ ရက်က အစိုးရနဲ့ လက်နက်ကိုင် အတိုက်အခံတပ်ဖွဲ့များကြား တိုက်ပွဲတွေ ဖြစ်ပွားပြီးနောက်ပိုင်း အနည်းဆုံး လူ ၃၃၀ သေဆုံးပြီး ၃,၂၀၀ လောက် ဒဏ်ရာရရှိခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောပါတယ်။

စစ်ဖြစ်နေတဲ့ နှစ်ဖက်ခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ဆူဒန်လက်နက်ကိုင်တပ်ဖွဲ့ (SAF)ရဲ့ အကြီးအကဲ ဗိုလ်ချုပ်ကြီး အာဘ်ဒယ် ဖာတာ အယ်လ်-ဘာဟန်နဲ့ သူ့ရဲ့ လက်ထောက်ဟောင်းဖြစ်ခဲ့တဲ့ ထောက်ပံ့ရေးခြေမြန်တပ်ဖွဲ့ (RSF) တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး မိုဟာမက် ဟမ်ဒန် ဒါဂါလို နှစ်ဦးအနေနဲ့ “အကြမ်းဖက် တိုက်ခိုက်တာတွေ ရပ်တန့်ပြီး စေ့စပ်ညှိနှိုင်းရေးလမ်းကြောင်း ပြန်သွားဖို့ ” အမေရိကန်က တောင်းဆိုထားပါတယ်။

ဒါ့အပြင် “အရပ်သားတွေနဲ့ စစ်ပွဲနဲ့ပတ်သက်ခြင်း မရှိသူတွေကို အကာအကွယ်ပေးရေးအတွက် ဒီ ထိပ်တန်း ဗိုလ်ချုပ်ကြီးနှစ်ဦး စလုံးမှာ တာဝန်ရှိတယ်” လို့လည်း အမေရိကန်က သတိပေးထားပါတယ်။

စစ်အာဏာသိမ်းထားတဲ့ ဆူဒန်မှာ နိုင်ငံရေး အနာဂတ်၊ အာဏာခွဲဝေရေးနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ လပိုင်းတွေကတည်းက တင်းမာမှုတွေက မြင့်တက်နေပြီး ထောက်ပံ့ရေးခြေမြန်တပ်ဖွဲ့ RSF တပ်ကို၊ ပင်မ အမျိုးသား တပ်မတော်မှာ ပေါင်းစည်းဖို့ စီစဉ်ခဲ့တဲ့ နောက်မှာတော့ ဆူဒန်လက်နက်ကိုင်တပ်ဖွဲ့ (SAF) နဲ့ RSF တို့အကြား တိုက်ပွဲတွေ စနေနေ့က စပြီး ဖြစ်ပွားခဲ့ပါတယ်။

တိုက်ပွဲတွေကြောင့် မြို့တော် ခါတွန်းမှာ သွားလာလှုပ်ရှားဖို့ အကန့်အသတ်တွေ ရှိနေပြီး ဆရာဝန်တွေနဲ့ တခြား ကျန်းမာရေး ဝန်ထမ်းတွေအနေနဲ့ ကူညီကယ်ဆယ်ရေးနဲ့ ဆေးကုသရေးမှာ အခက်အခဲတွေ အများကြီး ရှိနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က  သတင်းထုတ်ပြန် ထားပါတယ်။ -Ref:VOA