လာမည့်ပညာသင်နှစ်တွင် KG+12 ပညာရေးစနစ် စတင်မည်၊ စာသင်နှစ် ၁၃ နှစ်ဖြစ်မည်

လာမည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် စနစ်သစ်ပညာရေးအတွက် KG+12 ပညာရေးစနစ် စတင်အကောင်အထည်ဖော်မည်ဖြစ်ပြီး စာသင်နှစ် ၁၃ နှစ်ဖြစ်မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။

“KG+12 ကိုလာမယ့်နှစ်မှာစလုပ်မှာ၊ အရင်နှစ်တွေကတော့ သူ့ရဲ့အတန်းလိုက် အတန်းလိုက် လုပ်ခဲ့တာပေါ့၊ သူ့ရဲ့စနစ်သစ်ကို သင်တန်းတွေပေးလိုက် ကျောင်းဖွင့်လိုက် အဲဒီလိုလုပ်ခဲ့ရာကနေ အခုလာမယ့်ပညာသင်နှစ်ဆိုရင် အကုန်လုံးပြီးပြည့်စုံသွားတဲ့အတွက်ကြောင့် KG+12 ကို ၁၂ တန်းပေါ့၊စုစုပေါင်း ပေါင်းလိုက်ရင် ၁၃ တန်းပေါ့၊ အဲဒီပညာရေးကိုစပြီပေါ့၊ Grade 10၊ Grade 11 ၊ Grade 12 ထိသွားတာလေ၊ Grade 12 ကျမှပဲအရင် တက္ကသိုလ်ဝင်တန်းလိုပဲ အောင်/ရှုံးပေါ်မူတည်ပြီးတော့မှ တက္ကသိုလ်တွေကို ဆက်ကူးမယ်၊ အရင်တုန်းကတော့ Grade 11 ကိုတက္ကသိုလ်ဝင်တန်းလို့ သတ်မှတ်ခဲ့တာ”ဟု ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ KG+12ပညာရေးစနစ်သစ် မှာ သူငယ်တန်း KG အဆင့်ပြီးပါက မူလတန်းအဆင့်အဖြစ် ပထမတန်း (Grade1) မှ ပဉ္စမတန်း (Grade5)အထိ ၅နှစ်တက်ရောက်ရမှာဖြစ်ပြီး အလယ်တန်းအဆင့်ကို ဆဋ္ဌမတန်း (Grade 6) မှ နဝမတန်း (Grade 9)အထိ ၄နှစ်နဲ့အထက်တန်းအဆင့်ကို ဒသမတန်း (Grade 10)၊ ဧကာဒသမတန်း (Grade 11)၊ နဲ့ ဒွါဒသမတန်း (Grade12) အထိ ၃ နှစ် တက်ရောက်ရမည်ဖြစ်ကြောင်း သိရသည်။