မလေးရှားသို့ တရားမဝင်သွားမည့် မြန်မာအလုပ်သမားများ ထိုင်းတွင် ဖမ်းဆီးခံရ

ထိုင်း-မြန်မာနယ်စပ်မှတစ်ဆင့် မလေးရှားနိုင်ငံသို့ တရားမဝင်သွားရောက်မည့် မြန်မာအလုပ်သမား ၂၂ ဦးကို ထိုင်းနိုင်ငံ စွန်ခရာခရိုင်၌ ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းအခြေစိုက်သတင်းများတွင်ဖော်ပြထားသည်။

ပြီးခဲ့သည့် ဇူလိုင် ၁ ရက်၊ ညပိုင်းတွင် မလေးရှား-ထိုင်းနယ်စပ်တစ်ခုဖြစ်သည့် စွန်ခရာခရိုင်၌ ထိုင်းအာဏာပိုင်များက ကားလေးစီးကို ဖမ်းဆီးခဲ့ရာ ကားနှစ်စီးကိုသာ ဖမ်းဆီးရမိခဲ့ပြီး ကျန်ကား နှစ်စီးမှာ ထွက်ပြေးခဲ့ကြောင်း၊ ဖမ်းဆီးရမိသည့်ကားနှစ်စီးအနက် တစ်စီးမှာလမ်းကြောင်းရှင်း လမ်းကြောင်းကြည့် ကားသာဖြစ်ပြီး ကျန်ကားတစ်စီး၏အနောက်ခန်းထဲတွင် တရားမဝင်လိုက်ပါလာသည့် မြန်မာအလုပ်သမား ၂၂ ဦးကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

“ကျွန်တော်တို့ကို မြန်မာပွဲစားတွေက Line Application ကနေတစ်ဆင့် ဆက်သွယ်လာတယ်။ အဲဒီတရားမဝင် လုပ်သားတွေကို စွန်ခရာခရိုင်ကို ပို့ဆောင်ပေးဖို့ အလုပ်ကမ်းလှမ်းခဲ့တာပါ။ ကျွန်တော်တို့ကို မြန်မာပွဲစားတွေက ပို့ဆောင်ပြီးတာနဲ့ လုပ်အားခတစ်ယောက်ကို ဘတ် ၁၅,၀၀၀ စီပေးမယ်လို့ပြောတယ်” ဟု ဖမ်းဆီးခံရသူ ထိုင်းကားသမားနှစ်ဦးကထွက်ဆိုကြောင်း ထိုင်းအခြေစိုက် MGR Online သတင်းဌာနကဖော်ပြထားသည်။

ထိုင်းအာဏာပိုင်များသည် လွတ်မြောက်သွားသည့် ကားနှစ်စီးကို ဆက်လက်ရှာဖွေဖမ်းဆီးနေပြီး ဖမ်းဆီးခံခဲ့ရသည့် မြန်မာအလုပ်သမားများ၏ပြောကြားချက်အရ မလေးရှားသို့သွားရောက်ရန် တစ်ဦးလျှင် ထိုင်းဘတ် ၆၀၀၀၀ ပေးဆောင်ရကြောင်း အဆိုပါသတင်းအရသိရသည်။

တရားမဝင် ဝင်ရောက်လာသည့် မြန်မာအလုပ်သမားများကို ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဥပဒေအရ အရေးယူသွားမည်ဖြစ်ပြီး ထိုင်းယာဉ်မောင်းများကိုလည်း တရားမဝင်နိုင်ငံဖြတ်ကျော်ဝင်ရောက်သူများအား ကူညီပေးမှုဖြင့်အရေးယူရန် ထိုင်းအာဏာပိုင်များက ဆောင်ရွက်နေကြောင်းသိရသည်။