ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်း လူမှုရေးအသင်းအဖွဲ့များ၊ လူငယ်/အမျိုးသမီး ပါတီဝင်များနှင့်တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ၊ ပါတီစည်းကမ်းထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌ ဦးလှထွန်း သည် ၂၅-၃-၂၀၂၃ ရက်နေ့ နေ့လည်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ပါတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် First Time Voter များ၊ ပါတီဝင်ဟောင်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ လူငယ်/အမျိုးသမီး ပါတီဝင်များနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် ပါတီဒုတိယဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားရာ ” နိုင်ငံတော်၏ ခေတ်အဆက်ဆက်မှသည် ယနေ့အထိ သိသင့်သည့် သမိုင်းကြောင်းများ၊ ပြီးခဲ့သည့် ရွေးကောက်ပွဲကာလ မဲမသမာမှုများ၊ ရွေးကောက်ပွဲစနစ်များနှင့် လာမည့်ရွေးကောက်ပွဲမှ မဲစတင်ပေးမည့် လူငယ်များသိသင့်သော အချက်များ  ” အားဆွေးနွေးပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး တက်ရောက်လာကြသူများက ၎င်းတို့သိရှိလိုသည့် PR စနစ်နှင့်ပတ်သက်သည့်အချက်များ၊ နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးနှင့် မိမိကိုယ်ကိုယ်ခုခံကာကွယ်ပိုင်ခွင့် အကြောင်းအရာများ၊ လူငယ်များမှလည်း ပညာရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ အား ဆွေးနွေးတင်ပြရာ ပါတီဒုတိယဥက္ကဋ္ဌ ဦးလှထွန်း၊ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာမောင်သင်း တို့မှ တင်ပြချက်များအပေါ် ပြန်လည်ဖြည့်စွက် ရှင်းလင်းဆွေးနွေးကာ တွေ့ဆုံပွဲ အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။

တွေ့ဆုံပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ၊ ပါတီစည်းကမ်းထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌ ဦးလှထွန်းနှင့်အတူ ဗဟိုအလုပ်အမှုဆောင်များဖြစ်ကြသည့် ဒေါက်တာမောင်သင်း၊ ဦးတင့်လှိုင်မြင့်၊ မန္တလေးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊ ခရိုင်အတွင်းမှ First Time Voter များ၊ ပါတီဝင်ဟောင်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ လူငယ်/အမျိုးသမီး ပါတီဝင်များ စုစုပေါင်း (၂၀၀) ဦး ခန့်တက်ရောက်ခဲ့ပါသည်။