အစိုးရအရာရှိများအနေဖြင့် iPhone သုံးစွဲခြင်းရပ်တန့်ရန် ရုရှားသတိပေးဟုဆို

၂၀၂၄ ခုနှစ်တွင် ကျင်းပမည့် ရုရှားသမ္မတရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ခြင်းတွင် ပါဝင်တာဝန်ထမ်းဆောင် ကြရမည့် ရုရှားအစိုးရအရာရှိများအနေဖြင့် iPhone သုံးစွဲခြင်းကို ရပ်တန့်ကြရန် ကရင်မ်လင် နန်းတော်မှ သတိပေးပြောကြားခဲ့ကြောင်း သိရသည်။

အဘယ်ကြောင့်ဆိုသော် ယင်းဖုန်းများသည် အနောက်နိုင်ငံ ထောက်လှမ်းရေးအဖွဲ့များက ချိတ်ဆက် ဝင်ရောက်နိုင်သဖြင့်ဟုဆိုကြောင်း မော်စကိုအခြေစိုက် Kommersant သတင်းစာကရေးသားဖော်ပြထားသည်။

အမည်မဖော်လိုသော သတင်းရင်းမြစ်တစ်ခုအရ ရုရှားအစိုးရအရာရှိများအနေဖြင့် လာမည့် ဧပြီ ၁ ရက်နေ့ နောက်ဆုံးထား၍ မိမိတို့၏ ဖုန်းများကို iPhone အစား အခြားဖုန်းများပြောင်းလဲကိုင်ဆောင်ကြရန် နှိုးဆော်ထား ကြောင်း ယင်းသတင်းတွင် ဖော်ပြထားသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ကရင်မ်လင်နန်းတော် ပြောခွင့်ရပုဂ္ဂိုလ် ဒီမီထရီပက်စကော့အား ဆက်သွယ်မေးမြန်းရာ တွင်မူ အတည်မပြုနိုင်ကြောင်း သူကပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

“စမတ်ဖုန်းတွေကို တရားဝင်ဆောင်ရွက်ရတဲ့အစိုးရကိစ္စတွေမှာ သုံးဖို့က မသင့်တော်ပါဘူး။ Android ပဲ သုံးသုံး iOS ပဲသုံးသုံး သဘာဝအားဖြင့်တော့ တရားဝင်ကိစ္စတွေမှာ သူတို့ မသုံးကြပါဘူး”ဟု ပက်စကော့က ပြန်လည် ဖြေကြားခဲ့ကြောင်း သတင်းဝယ်ရေးသားထားသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ Apple ကုမ္ပဏီကလည်း မည်သည့်မှတ်ချက်မျှ ချက်ခြင်းတုန့်ပြန်ပြောဆိုမှု မရှိခဲ့သေးချေ။