အင်ဒီးယန်းဝဲလ်မာစတာပြိုင်ပွဲတွင် ပထမဆုံးအကြိမ် ဗိုလ်စွဲခဲ့သည့် အယ်လ်ကာရက်ဇ် ကမ္ဘာ့အဆင့် ၁ နေရာ ပြန်လည်လွှဲပြောင်းရယူ

အင်ဒီးယန်းဝဲလ်မာစတာဟု လူသိများသည့် ၂၀၂၃ BNP Paribas Open တင်းနစ်ပြိုင်ပွဲတွင် စပိန်ကြယ်ပွင့်ကစားသမား ကားလို့စ်အယ်လ်ကာရက်ဇ် ပထမဆုံးအကြိမ် အနိုင်ရဗိုလ်စွဲပြီး ကမ္ဘာ့အဆင့် ၁ နေရာကိုပါ ပြန်လည်လွှဲပြောင်းရယူနိုင်ခဲ့ကြောင်း သိရ သည်။

အသက် ၁၉ နှစ်သာရှိသေးသူ အယ်လ်ကာရက်ဇ်သည် ယခုပြိုင်ပွဲတွင် ကမ္ဘာ့အဆင့် ၁ ဆားဘီးယားကစားသမား ဂျိုကိုဗစ် အမေရိကန်ပြည်ဝင်ခွင့်ဗီဇာမရသဖြင့် ဆီဒင် ၁ အဖြစ် သတ်မှတ်ခံခဲ့ရပြီး ဗိုလ်လုပွဲတွင် ရုရှားကစားသမား မက်ဗီဒက်ဗ်(ဆီဒင် ၅) နှင့် တွေ့ဆုံခဲ့သည်။

၎င်းတို့နှစ်ဦးသည် ဒုတိယအကြိမ် တွေ့ဆုံခြင်းဖြစ်ပြီး အယ်လ်ကာရက်ဇ်က ၆-၃၊ ၆-၂ ဖြင့် အနိုင်ရကာ ၂၀၂၁ ဝင်ဘယ်လ်ဒန်ချန်ပီယံရှစ်ပြိုင်ပွဲ၌ ရှုံးနိမ့်ထားသည့်ရှုံးကြွေးကို ပြန်ဆပ်နိုင်ခဲ့သည်။

အယ်လ်ကာရက်ဇ်သည် အင်ဒီးယန်းဝဲလ်မာစတာပြိုင်ပွဲတွင် ပထမဆုံးအကြိမ် ဗိုလ်စွဲခြင်းဖြစ်ပြီး မာစတာ ၁၀၀၀ ပွဲစဉ်များ၌ သုံးကြိမ်မြောက်နှင့် ATP Tour ပွဲစဉ်များ၌ ရှစ်ကြိမ်မြောက် ချန်ပီယံဆုရယူနိုင်ခဲ့သည်။

ထို့ပြင် အယ်လ်ကာရက်ဇ်အနေဖြင့် ယခုပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သောကြောင့် ဂျိုကိုဗစ်ထံမှ ကမ္ဘာ့အဆင့် ၁ နေရာကိုပါ ပြန်လည်လွှဲပြောင်းရယူနိုင်ခဲ့ပြီဖြစ်သည်။

ကမ္ဘာ့အဆင့် ၁ နေရာ ရပ်တည်ဖူးသူများအနက် အသက်အငယ်ဆုံး စံချိန်တင်ထားသူ အယ်လ်ကာရက်ဇ်သည် ဇန်နဝါရီ ၃၀ ရက်နောက်ပိုင်း တစ်လခွဲကျော်အကြာတွင် အဆင့် ၁ နေရာသို့ ပြန်လည်တက်ရောက် နိုင်ခဲ့ခြင်းဖြစ်သည်။

အမျိုးသမီးပွဲစဉ်တွင် ကာဇက်စတန်နိုင်ငံသူ ရီဘက်ကီနာ (ဆီဒင် ၁၀)က ဘီလာရုစ်နိုင်ငံသူ ဆာဘာလန်ကာ (ဆီဒင် ၂) ကို ၇-၆ (၁၃-၁၁)၊ ၆-၄ ဖြင့် နှစ်ပွဲပြတ် အနိုင်ရဗိုလ်စွဲခဲ့သည်။

ရီဘက်ကီနာ (၂၃ နှစ်) အနေဖြင့် ယခုနှစ် သြစတြေးလျအိုးပင်းဂရင်းစလင်းပြိုင်ပွဲ ဗိုလ်လုပွဲ၌ ဆာဘာလန်ကာအား ရှုံးနိမ့်ထားမှုကို ပြန်လည်ချေဖျက်နိုင်ခဲ့ပြီဖြစ်ပြီး အင်ဒီးယန်းဝဲလ်ပြိုင်ပွဲ၌ ပထမဆုံးအကြိမ် ဗိုလ်စွဲခဲ့သည်။

ရီဘက်ကီနာသည် WTA ၁၀၀၀ ပွဲစဉ်များတွင် ပထမဆုံးအကြိမ် ချန်ပီယံဆုရယူနိုင်ခဲ့ခြင်းဖြစ်သည်။