ဖေ့ဘွတ်ခ်ဖျက်သိမ်းရေး တွစ်တာအသုံးပြုသူများနှင့် ထင်ရှားကျော်ကြားသူများ လှုံ့ဆော်

အင်တာနက်လူမှုကွန်ရက် တွစ်တာကို အသုံးပြုသူတွေနဲ့ ထင်ရှားကျော်ကြားသူတွေဟာ ဖေ့စ်ဘွတ်ခ် ဖျက်သိမ်းရေးအတွက် ရေးသားလှုံ့ဆော်နေပါတယ်။

ဖေ့စ်ဘွတ်ခ်ဖျက်သိမ်းရေး တွစ်တာမှာ ရေးသားဖော်ပြသူတွေထဲ နည်းပညာ စွန့်ဦးတီထွင်သူ ဘရိုင်ယန်အက်တန်၊ Yahoo ဝန်ထမ်းဟောင်းနဲ့ WhatsApp တည်ထောင်သူ ဂျန်ခွန်းတို့လည်း ပါဝင်ပါတယ်။

ဖေ့စ်ဘွတ်ခ်ဟာ သုံးစွဲသူ သန်း ၅၀ ရဲ့ အရေးကြီးအချက်အလက်တွေကို အချက်အလက် စုဆောင်းတဲ့ ကုမ္ပဏီဖြစ်တဲ့ ကိမ်းဘရစ်ခ်ျ အနယ်လက်တီကာ ကုမ္ပဏီ (Cambridge Analytica) ဆီ မဲဆွယ်စည်းရုံးရေး အတွက် လွှဲပြောင်းခဲ့တယ်ဆိုတဲ့သတင်း ထွက်ပေါ်လာပြီးတဲ့နောက်မှာ အခုလို ဖေ့စ်ဘွတ်ခ်ဖျက်သိမ်းရေးအတွက် ရေးသားလှုံ့ဆော်လာတာပါ။

ဒါ့ပြင် ကိမ်းဘရစ်ခ်ျ အနယ်လက်တီကာ ကုမ္ပဏီဟာ အဲဒီအချက်အလက်တွေကို လက်ရှိ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ၂၀၁၆ မဲဆွယ်စည်းရုံးရေးတွေအတွက် မလျော်မကန် သုံးစွဲခဲ့တယ်လို့လည်း စွပ်စွဲမှုတွေ ရှိနေပါတယ်။

ဖေ့စ်ဘွတ်ခ်ကုမ္ပဏီပိုင်ရှင် မာ့ခ်ဇူကာဘတ်ကတော့ သုံးစွဲသူတွေရဲ့ အရေးကြီး အချက်အလက်တွေကို လွဲမှားစွာ ကိုင်တွယ်မိတဲ့အပေါ် တောင်းပန်ကြောင်း ပြောခဲ့ပါတယ်။

ဒါ့အပြင် အချက်အလက်တွေကို ပိုလုံခြုံအောင် လုပ်ဆောင်သွားမယ်လို့လည်း ကတိပေးခဲ့ပါတယ်။

(DVB)