ဂျာနယ်လစ် ဂျာမယ်ကာရှော့ဂီ ဆော်ဒီကောင်စစ်ဝန်ရုံး၌ အသတ်ခံရဟု တူရကီပြော

ဝါရှင်တန်ပို့စ်သတင်းစာဆောင်းပါးရှင် ဂျာမယ် ကာရှော့ဂီ အသတ်ခံရသည်ဟု ယုံကြည်ကြောင်း တူရကီက ပြောကြားပြီးနောက် ၎င်းပျောက်ဆုံးနေမှုနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုများ ပိုမိုကြီးထွားလာသည်။

ဆော်ဒီအာရေးဗီးယားနိုင်ငံသား ကာရှော့ဂီသည် အောက်တိုဘာ ၂ ရက်က တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့ရှိ ဆော်ဒီကောင်စစ်ဝန်ရုံးသို့ သွားရောက်လည်ပတ်ပြီးနောက် ပျောက်ဆုံးခဲ့သည်။

ကနဦး စုံစမ်းစစ်ဆေးမှုများအရ ကာရှော့ဂီသည် ယင်းကောင်စစ်ဝန်ရုံး၌ အသတ်ခံခဲ့ရသည်ဟု ပြသကြောင်း တူရကီတာဝန်ရှိသူ တစ်ဦးက  ဘီဘီစီအား ပြောသည်။ စွပ်စွဲသူများကို ဆော်ဒီအာရေးဗီးယားက ငြင်းဆိုထားပြီး ကာရှော့ဂီကို ရှာဖွေရန် ဆောင်ရွက်နေကြောင်း ပြောကြားသည်။

အကယ်၍ ကာရှော့ဂီ အသတ်ခံရပါက ယင်းမှာ စက်ဆုပ်ဖွယ်ကောင်းပြီး ရှင်းပြရန် ခက်ခဲသော လုပ်ရပ် ဖြစ်ကြောင်း ဝါရှင်တန်ပို့စ်က ပြောသည်။

ကာရှော့ဂီကိစ္စက တူရကီ- ဆော်ဒီအာရေးဗီးယား ဆက်ဆံရေးတွင် မကြုံဖူးသော အကျပ်အတည်းဆီသို့ ကျရောက်စေမည်ဟု အစ္စတန်ဘူလ်ရှိ ဘီဘီစီ သတင်းထောက် မာ့ခ်လိုဝန်က ပြောသည်။

တွစ်တာတွင် Followers ၁ ဒသမ ၆ သန်းကျော်ရှိပြီး ဝါရှင်တန်ပို့စ် အတွေးအမြင်ကဏ္ဍ၌ ဆောင်းပါးများ ရေးသားနေသူ ကာရှော့ဂီသည် ဆော်ဒီအာရေးဗီးယား အိမ်ရှေ့မင်းသား မိုဟာမက် ဘင်ဆယ်လ်မန် အား ဝေဖန်ရာ၌ ထင်ရှားသူ တစ်ဦးဖြစ်သည်။

ကွယ်ဝှက်စရာ ဘာတစ်ခုမျှ မရှိသောကြောင့် တူရကီအာဏာပိုင်များအနေဖြင့် ဆော်ဒီကောင်စစ်ဝန်ရုံးကို ဝင်ရောက်ရှာဖွေနိုင်ကြောင်း ဘင်ဆယ်လ်မန်က ပြောကြားသည်။        

—Ref: BBC