အမေရိကန်နည်းတူ ယူနက်စကိုမှ နုတ်ထွက်ရန် အစ္စရေးဆုံးဖြတ်

အမေရိကန်နည်းတူ ကုလသမဂ္ဂ၏ ယဉ်ကျေးမှုဆိုင်ရာ အဖွဲ့အစည်းကြီး ယူနက်စကိုထံမှ နုတ်ထွက်မည်ဟု အစ္စရေးက ကြေညာခဲ့သည်။

အစ္စရေး ဝန်ကြီးချုပ် ဘင်ယာမင် နေတန်ညာဟုက ယူနက်စကိုကို စွန့်ခွာမည့် အမေရိကန်၏ ရွေးချယ်မှုသည် ရဲရင့်ပြီး ကြောင်းကျိုးသင့်လျော်သည့် ဆုံးဖြတ်ချက်ဟု ချီးကျူးခဲ့သည်။

အမေရိကန်သာ အဓိကဆိုသော ကြွေးကြော်မှုဖြင့် သမ္မတ ဖြစ်လာသည့် ဒေါ်နယ်လ်ထရမ့်သည် နိုင်ငံတကာ အဖွဲ့အစည်းများ၊ သဘောတူညီမှုများနှင့် ပတ်သက်၍ တင်းမာသော သဘောထားမျိုး ရှိနေသူ ဖြစ်သည်။ ယူနက်စကိုတွင် ပါဝင်နေမှုသည် အမေရိကန်အတွက် နစ်နာမှုများ ရှိနေသည်ဟု ထရမ့်က ယူဆထားပြီး နုတ်ထွက်ရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ယူနက်စကိုမှ နုတ်ထွက်မှုသည် မဟာမိတ် အစ္စရေးနိုင်ငံအပေါ် ဖိနှိပ်သည့် လုပ်ရပ်များကြောင့်ဟုပါ အမေရိကန် ထည့်သွင်း အကြောင်းပြခဲ့သည်။

ယူနက်စကို အကြီးအကဲ အီရီနာ ဘိုကိုဗာက အမေရိကန်၏ ဆုံးဖြတ်ချက်သည် ကြီးကြီးမားမား နောင်တရစရာ ဖြစ်လိမ့်မည်ဟု သတိပေးထားသည်။ သို့သော် အမေရိကန်သည် နုတ်ထွက်မှု တရားဝင် ဖြစ်မြောက်လာမည့် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ မတိုင်မီထိ ယူနက်စကို၏ တင်းပြည့်ကျပ်ပြည့် အဖွဲ့ဝင်အဖြစ် ဆက်ရှိနေမည်ဟု သိရသည်။

ယူနက်စကို အဖွဲ့ကြီးသည် ဆီးရီးယားရှိ ပယ်လ်မိုင်ယာမြို့ဟောင်း၊ အမေရိကန်မှ ဂရင်းကင်ညွန် လျှိုကြီးကဲ့သို့ လူသားဖန်တီးမှုနှင့် သဘာဝ ဖြစ်တည်မှု ရှေးအမွေအနှစ်များကို ဦးဆောင် ထိန်းသိမ်းလျက် ရှိသည်။ ယူနက်စကို အဖွဲ့ကို ဒုတိယ ကမ္ဘာစစ်အပြီး စတင်ထူထောင်ရာ၌ အမေရိကန်သည် အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့ဖူးသည်။

အမေရိကန်သည် ၂၀၁၁ ကလည်း ပါလက်စတိုင်းကို နိုင်ငံတစ်ခုအဖြစ် အသိအမှတ်ပြုကာ အဖွဲ့ဝင်အဖြစ် သတ်မှတ်ခဲ့သည့် ယူနက်စကို ဆုံးဖြတ်ချက်ကို ဆန့်ကျင်သည့် အနေဖြင့် ရန်ပုံငွေ ထောက်ပံ့မှုများကို လျှော့ချခဲ့ဖူးသည်။ ပြီးခဲ့သည့်နှစ်ကလည်း ယူနက်စကို၏ ထုတ်ပြန်ဆုံးဖြတ်ချက် တစ်ခုတွင် ဂျေရုဆလင်၏ ဘာသာရေး အထွဋ်အမြတ် ဧရိယာကို ဂျူးများနှင့် ဆက်နွှယ်မှု မရှိသည့် အယူအဆမျိုး ဖော်ပြထားသည့်နောက် အစ္စရေးက ၎င်းအဖွဲ့အစည်းနှင့် အဆက်အသွယ် ဖြတ်တောက်ခဲ့သည်။

ယခုအခါ အမေရိကန်နည်းတူ မိမိတို့သည်လည်း ယူနက်စကိုမှ နုတ်ထွက်ရန် ပြင်ဆင်နေပြီဟု နေတန်ညာဟုက Twitterတွင် ရေးသား အတည်ပြုခဲ့သည်။

နေတန်ညာဟုသည် ယခုနှစ် အစောပိုင်းကလည်း အနောက်ဘက် ကမ်းခြေ ဒေသရှိ ဟေဘရွန် မြို့ဟောင်းကို ပါလက်စတိုင်း လူ့ယဉ်ကျေးမှု အမွေအနှစ် တစ်ခုအဖြစ် သတ်မှတ်ခဲ့ခြင်းအတွက် ယူနက်စကိုအပေါ် ပြင်းပြင်းထန်ထန် ရှုတ်ချဖူးသည်။

အမေရိကန်  နုတ်ထွက်ခြင်းသည် ယူနက်စကို၏ ဘဏ္ဍာရေး ကဏ္ဍကို အကြီးအကျယ် ရိုက်ခတ်မှုများ ဖြစ်ပေါ်စေမည်မှာ သေချာနေသည်။ အမေရိကန်သည် ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများအတွက် ဘတ်ဂျတ် ၂၂ ရာခိုင်နှုန်းနှင့် ကမ္ဘာ့ငြိမ်းချမ်းရေး ထိန်းသိမ်းမှု လုပ်ငန်းစဉ်၏ ဘတ်ဂျတ် ၂၈ ရာခိုင်နှုန်းကို ထောက်ပံ့ပေးလျက် ရှိသည်။

 Ref: AFP