နှစ်သစ်တွင် ကင်ဂျုံအန် ခြိမ်းခြောက်

နျူကလီးယားလက်နက် ပစ်လွှတ်သည့် ခလုတ်သည်  မိမိစားပွဲပေါ်တွင်ရှိကြောင်း၊ ထို့ကြောင့် အမေရိကန် အနေဖြင့် စစ်ပွဲတစ်ပွဲကို ဘယ်သောအခါမျှ စတင်နိုင်စွမ်းရှိမည်မဟုတ်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က ပြောသည်။

ရုပ်သံက ထုတ်လွှင့်သော နှစ်သစ်ကူးမိန့်ခွန်းတွင် ကင်ဂျုံအန် က အမေရိကန် နိုင်ငံတစ်ခုလုံးသည် မြောက်ကိုရီးယား နျူလက်နက်များ ရောက်ရှိနိုင်သော အကွာအဝေးအတွင်းရှိနေကြောင်း ပြောကြားပြီး ယင်းသည် ခြိမ်းခြောက်မှု မဟုတ်ဘဲ ဧကန်စင်စစ်ဖြစ်ကြောင်း ဆိုသည်။

သို့သော် ကင်ဂျုံအန် သည် တောင်ကိုရီးယားသို့ သံလွင်ခက် ကမ်းလှမ်းခဲ့ပြီး ဆွေးနွေးပွဲစကား ဝိုင်းများအတွက် ၎င်းအနေဖြင့် လမ်းဖွင့်ထားကြောင်း ပြောသည်။ ကင်ဂျုံအန်၏ ခြိမ်းခြောက်မှုများနှင့် စပ်လျဉ်း၍ တုံ့ပြန်ရန် မေးခွန်း မေးမြန်းခံရစဉ် အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က ‘‘ကျွန်တော်တို့ ကြည့်ကြတာပေါ့။ ကျွန်တော်တို့ ကြည့်ကြတာပေါ့’’ဟု ဖြေကြားသည်။

မြောက်ကိုရီးယားသည် ၎င်း တို့၏ နျူလက်နက်များ အစီအစဉ်နှင့် အငြင်းပွားဖွယ်ဒုံးကျည်များ အကြိမ်ကြိမ် စမ်းသပ်မှုကြောင့် စီးပွားရေးပိတ်ဆို့မှုများ တိုးမြှင့်ချမှတ်ခံရသည်။

နှစ်သစ်ကူးမိန့်ခွန်းတွင် ကင်ဂျုံအန်သည် လက်နက်များအစီ အစဉ်အပေါ် ၎င်း၏ အာရုံစိုက်မှုကို ထပ်မံ အလေးထားပြီး ၎င်း၏ တိုင်းပြည်အနေဖြင့် နျူထိပ်ဖူးများနှင့် ပဲ့ထိန်းဒုံးကျည် အမြောက်အမြား ထုတ်လုပ်ရေးနှင့် ယင်းကို နေရာဖြန့်ကြက်ရေး အရှိန်မြှင့်တင်ရမည်ဟု ပြောကြားသည်။

‘‘၂၀၁၈ က မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယားအတွက် အရေးပါတဲ့နှစ်ပါ။ ဒီနှစ်မှာ မြောက်ကိုရီးယားနိုင်ငံ မွေးဖွားတာ နှစ်(၇၀)ပြည့်ပြီး တောင်ကိုရီးယားက ဆောင်းရာသီအိုလံပစ်ပွဲတော် လက်ခံကျင်းပမှာ ဖြစ်ပါ တယ်’’ဟု ကင်ဂျုံအန်က ပြောသည်။

ဆိုးလ်၌ ကျင်းပမည့် ဆောင်းရာသီအိုလံပစ်ပွဲတော်သို့ မြောက်ကိုရီးယားက အသင်းတစ်သင်း စေလွှတ်ဖွယ် ရှိကြောင်း ကင်ဂျုံအန်က ထပ်လောင်းပြောကြားသည်။  —Ref: BBC