သြစတြေးလျတွင် အဆိုးရွားဆုံး တုပ်ကွေးရောဂါ ရင်ဆိုင်နေရ၊ လူရာနှင့်ချီ သေဆုံး

 

သြစတြေးလျနိုင်ငံတွင်း ခေတ်သစ်သမိုင်းမှာ အဆိုးရွားဆုံး တုပ်ကွေးရာသီကို ရင်ဆိုင်နေရပြီး ရောဂါကူးစက်မှုကြောင့် လူရာနဲ့ချီ သေဆုံးခဲ့ပါတယ်။ တုပ်ကွေးကြောင့် လူအယောက် ၁ သိန်း ၆ သောင်း နာမကျန်းဖြစ်ခဲ့ပြီး လူအယောက် ၃၇၀ ကျော် သေဆုံးခဲ့ပြီးပြီလို့ အစီရင်ခံထားပါတယ်။

နိုင်ငံတလွှားက ဆေးရုံတွေလည်း ဆောင်းရာသီနဲ့ နွေဦးရာသီမှာ တုပ်ကွေးလူနာတွေနဲ့ အလုပ်များနေကြပါတယ်။ ကူးစက်မှုအပြင်းထန်ဆုံး ပြည်နယ်က နယူးဆောက်သ်ဝေးစ် ပြည်နယ် ပါ။ တုပ်ကွေးကူးစက်မှုနှုန်းကလည်း တနှစ်ထက်တနှစ် ၁၅၀ ရာခိုင်နှုန်းကျော် တိုးလာတယ်လို့ ဆိုပါတယ်။

တုပ်ကွေးရဲ့ သန္ဓေပြောင်းပုံစံကြောင့် လူအယောက် ၃၇၀ သေဆုံးရတာလို့ ကျန်းမာရေး အရာရှိတွေက ပြောပါတယ်။ ဒီနှစ်ထဲ တုပ်ကွေးကာကွယ်ဆေး ထိုးပြီးချိန်မှာလည်း သေဆုံးမှု တွေ ရှိနေခဲ့တာပါ။ ကာကွယ် ဆေးထွင်ပြီး ထိုးပြီးချိန်မှာမှ တုပ်ကွေးက သန္ဓေပြောင်းမှု ဆက်ဖြစ်ခဲ့တာ ဖြစ်နိုင်တယ်လို့ သုတေသနပညာရှင်တွေက ပြောပါတယ်။

သက်ကြီးတွေနဲ့ ကလေးတွေသာမက ကျန်းမာရေးကောင်းတဲ့ တခြားအသက်ပိုင်း အုပ်စုတွေပါ အန္တရာယ်ရှိတယ်လို့လည်း သူတို့က ပြောပါတယ်။ အစီရင်ခံတာ နှောင့်နှေးမှုကြောင့် သေဆုံးသူဦးရေ ပိုများနေမှာကိုလည်း ကျန်းမာရေးအရာရှိတွေက စိုးရိမ်နေကြပါတယ်။

(DVB)