အမေရိကန်ကိုတိုက်ရန် မြောက်ကိုရီးယားနိုင်ငံသား တသန်းခွဲခန့် စစ်မှုထမ်းရန် ဆန္ဒရှိ

အမေရိကန်ပြည်ထောင်စုကို တိုက်ထုတ်ဖို့နိုင်ငံသား ၁ ဒသမ ၄ သန်းလောက်ဟာ နိုင်ငံရဲ့စစ်တပ်မှာ စေတနာ အလျောက် ပါဝင်ဖို့ ဒါမှမဟုတ် စာရင်းသွင်းဖို့ ဆန္ဒရှိနေတယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင် မီဒီယာက မတ် ၂၀ ရက်မှာ ထုတ်ပြန်ပါတယ်။

နယ်ချဲ့အမေရိကန်တွေကို တန်ပြန်ဖို့ နိုင်ငံတဝန်း စစ်မှုထမ်းဖို့၊ စာရင်းသွင်းဖို့ မြောက်ကိုရီးယားလူငယ်တွေ လက်မှတ်ထိုးနေတဲ့ ဗီဒီယိုကို မြောက်ကိုရီးယားရဲ့ အစိုးရပိုင် ရုပ်မြင်သံကြားက ထုတ်လွှင့်ခဲ့ပါတယ်။

လူပေါင်း ၁ ဒသမ ၄ သန်းလောက်ဟာ စစ်တပ်ထဲမှာ ပါချင်တယ်လို့ မတ်လ ၁၉ ရက်နေ့အထိ ထုတ်ဖော် လက်မှတ်ထိုးခဲ့ကြတယ်လို့လည်း ဆိုပါတယ်။

ပူးတွဲစစ်ရေးလေ့ကျင့်မှုကို အရှိန်မြှင့်လုပ်ဆောင်နေတဲ့ မဟာမိတ်တွေကို သတိပေးတဲ့အနေနဲ့ အမေရိကန်နဲ့ တောင်ကိုရီးယားတို့အပေါ် နျူးကလီးယားနဲ့ တန်ပြန်တိုက်ခိုက်တဲ့ ပုံစံတူ စစ်ရေးလေ့ကျင့်မှုကို ခေါင်းဆောင် ကင်မ်ဂျုံအန်းက ကြီးကြပ်ခဲ့ပုံကို မြောက်ကိုရီးယား မီဒီယာတွေက မတ် ၂၀ ရက်မှာ ထုတ်လွှင့်ခဲ့ပါတယ်။

မြောက်ကိုရီးယားဟာ တောင်ကိုရီးယားနဲ့ အမေရိကန်တို့ရဲ့ ပေါင်းစပ်စစ်ရေးလေ့ကျင့်မှုကို ကျူးကျော်တိုက်ခိုက်ဖို့ အစမ်းလေ့ကျင့်မှုလို့ ခေါ်ရင်း ဒေါသတကြီး တုံ့ပြန်ခဲ့ပါတယ်။

မြောက်ကိုရီးယားရဲ့ စစ်ရေးလေ့ကျင့်မှုမှာ တာတိုပစ်ဒုံးကျည်ပစ်လွှတ်မှု ပါပေမဲ့ ပုံမှန်မဟုတ်တာက ဒုံးကျည်ဟာ မြေအောက်သိုလှောင်ခန်း တခုကနေ ပျံတက်သွားခဲ့တာပါ။

ဒါဟာ အနာဂတ်မှာ တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် (ICBM) စမ်းသပ်ရာမှာ အရှိန်နဲ့ တည်ငြိမ်မှုကို မြှင့်တင်ပေးနိုင်မယ်လို့ လေ့လာသူတွေက ပြောကြပါတယ်။  dvb