ထိုင်းနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲကို မေလ ၁၄ ရက်တွင် ကျင်းပသွားမည်ဟု ရွေးကောက်ပွဲကော်မရှင် အတည်ပြုကြေညာ

ထိုင်းနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲ ကို မေလ ၁၄ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း အာဏာပိုင်များက မတ်လ ၂၁ ရက်တွင် အတည်ပြုခဲ့သည်။

ပြဿနာပတ်လည်ဝိုင်းနေသည့် ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာသည် စစ်တပ်၏ ကျောထောက်နောက်ခံပြုမှုဖြင့် ဆယ်စုနှစ်တစ်ခုနီးပါး တိုင်းပြည်အာဏာချုပ်ကိုင်ထားမှုကို ထပ်မံသက်တမ်းတိုးနိုင်ရန် ကြိုးပမ်းနေသည်။

၂၀၁၄ ခုနှစ် စစ်တပ်အာဏာသိမ်းမှုတွင် အာဏာရလာခဲ့သည့် စစ်တပ်အကြီးအကဲဟောင်း ပရာယွတ်သည် ဘီလျံနာ တစ်ဦးဖြစ်သော ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်၏ သမီးဖြစ်သူ ဦးဆောင်သော အဓိက အတိုက်အခံပါတီ ဖြစ်သည့် ဖြူထိုင်းပါတီနှင့် ခက်ခက်ခဲခဲယှဉ်ပြိုင်ရမည်ဖြစ်သည်။

သက်ဆင်၏သမီးဖြစ်သူ ပါအယ်ထုံထန် ရှင်နာဝပ်ဦးဆောင်သော ဖြူထိုင်းပါတီသည် လူထုသဘောထား စစ်တမ်းများတွင် ရေပန်းစားမှု မြင့်တက်နေသော်လည်း ထိုင်းစစ်တပ်က စစ်တပ်ကျောထောက်နောက်ခံပြု ကိုယ်စားလှယ်လောင်းများကို အလေးသာစေရန် ရေးဆွဲထားသည့် ၂၀၁၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့် ဝန်ကြီးချုပ်ရာထူးကို ရယူနိုင်ရန် ခက်ခဲဖွယ်ရှိသည်။

မေလ ၁၄ ရက်တွင် အထွေထွေရွေး ကောက်ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်းနှင့်  ကြိုတင်မဲပေးမှုများကို မေ ၇ ရက် တွင် စတင်မည်ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ရွေးကောက်ပွဲကျင်းပရန် တရားဝင်လုပ်ငန်းစဉ်အဖြစ် ဝန်ကြီးချုပ်ပရာယွတ်က ပါလီမန်ကို ဖျက်သိမ်းခဲ့ပြီး တစ်ရက်အကြာတွင် ရွေးကောက်ပွဲကော်မရှင်၏ ကြေညာချက်ထွက်ပေါ်လာခြင်းဖြစ်သည်။

ရွေးကောက်ပွဲအတွက် အလွတ်သဘော မဲဆွယ်စည်းရုံးမှုများ ပြုလုပ်နေသည်မှာ သီတင်းပတ်များနှင့်ချီကာ ကြာမြင့်နေပြီဖြစ်ပြီး ထိုင်းလူဦးရေ ၅၂ သန်း၏ ထောက်ခံမှုကိုရရှိနိုင်ရန် ကြိုးပမ်းရာတွင် လူနေမှုစားရိတ်မြင့် တက်ခြင်းနှင့် အခြားစီးပွားရေး ကိစ္စရပ်များကို အဓိကထား၍ မဲဆွယ်လျက်ရှိသည်။

မတ်လ ၁၉ ရက်က ထုတ်ပြန်ခဲ့သည့် လူထုသဘောထား စစ်တမ်းတွင် စစ်တမ်းဖြေဆိုသူ ၂,၀၀၀ အနက်မှ ၅၀ ရာခိုင်နှုန်းနီးပါးက ၎င်းတို့အနေဖြင့် ဖြူထိုင်းပါတီကို မဲပေးမည်ဟု ဖြေကြားပေးခဲ့ပြီး ဝန်ကြီးချုပ်ပရာယွတ်၏ ညီညွတ်သော ထိုင်းနိုင်ငံပါတီမှာမူ ထောက်ခံမှု ၁၂ ရာခိုင်နှုန်းခန့်သာ ရရှိခဲ့ကြောင်း သိရသည်။

လာမည့်ရွေးကောက်ပွဲသည် ၂၀၁၄ ခု နှစ်တွင် စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း ဒုတိယအကြိမ် ပြုလုပ်မည့် ရွေးကောက်ပွဲဖြစ်ကာ ၂၀၂၀ ခုနှစ်က မြို့တော်ဘန်ကောက်တွင် လူငယ်ထုဦးဆောင်သော ဒီမိုကရေစီအရေး လှုပ်ရှားသည့် ဧရာမဆန္ဒပြပွဲများ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ပထမဆုံးပြုလုပ်မည့် ရွေး ကောက်ပွဲလည်းဖြစ်သည်။

လွှတ်တော်တွင် နေရာအများစု ရရှိခဲ့သော်လည်း အစိုးရဖွဲ့နိုင်ခဲ့ခြင်းမရှိသည့် ၂၀၁၉ ခုနှစ်က အခြေအနေမျိုးနှင့် တစ်ကျော့ပြန်ကြုံတွေ့ရခြင်း မရှိစေရန်နှင့် ၎င်းတို့အာဏာရယူနိုင်မည့် လမ်းကြောင်းကို ပိတ်ပင်မခံရစေရန် ကာကွယ်သွားမည်ဟု ဖြူထိုင်းပါတီက ပြောဆိုထားသည်။

“ကျွန်မတို့ ကျိန်းသေပေါက် အစိုးရဖွဲ့နိုင်မယ်လို့ လေးလေးနက်နက် ယုံကြည်ပါတယ်။ ဒါကြောင့် သောင်ပြိုကမ်းပြို အနိုင်ရရေးအတွက် မဲဆွယ်စည်းရုံးနေရတာပါ။ ကျွန်မတို့ သောင်ပြိုကမ်းပြို အနိုင်ရမှ အစိုးရဖွဲ့နိုင်ဖို့ လုံလောက်တဲ့ ခိုင်မာမှုကို ရရှိမှာဖြစ်တယ်” ဟု ပါအယ်ထုံထန်က ဆိုသည်။

ထိုင်းစစ်တပ်က ရေးဆွဲထားသော လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဝန်ကြီးချုပ်ရာထူးကို ရွေးကောက်ခံ အမတ်ဦးရေ ၅၀၀ ရှိသည့် အောက်လွှတ်တော်နှင့် စစ်တပ်က တင်မြှောက်ထားသည့် အမတ်ဦးရေ ၂၅၀ ရှိ အထက်လွှတ်တော်တို့က အတည်ပြုရွေးချယ်မည်ဖြစ်သည်။ eleven