အမေရိကန် နှင့် တရုတ် ကုန်သွယ်ရေးဆွေးနွေးပွဲ ဖေဖော်ဝါရီ ၁၅ ရက်တွင် ကျင်းပမည်

ပေကျင်း ဖေဖော်ဝါရီ ၁၃

အမေရိကန်နှင့် တရုတ် နှစ်နိုင်ငံကုန်သွယ်ရေးဆိုင်ရာ စေ့စပ်ညှိနှိုင်းမှုအတွက် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် အမေရိကန်ထိပ်တန်း တာဝန်ရှိသူများ ဖေဖော်ဝါရီ ၁၅ ရက်တွင် ပေကျင်းမြို့၌ တွေ့ဆုံမည်ဖြစ်ကြောင်း ယနေ့ အေအက်ဖ်ပီသတင်း တစ်ရပ်အရ သိရသည်။

နှစ်နိုင်ငံတာဝန်ရှိသူများအနေဖြင့် ဝါရှင်တန်၏ တရုတ်သွင်းကုန်ပစ္စည်းများကို အခွန်ကောက်ခံမှု စတင်မည့် မတ် ၁ ရက် မတိုင်မီ နှစ်နိုင်ငံ ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီမှုတစ်ရပ်ရရှိရန် အစွမ်းကုန်ကြိုးပမ်းကြမည် ဖြစ်သည်။ ဖေဖော်ဝါရီ ၁၅ ရက်တွင် တရုတ်သမ္မတ ရှီကျင့်ဖျင်က အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ် ရောဘတ်လိုက်သီဇာနှင့် ဘဏ္ဍာရေးဝန်ကြီး စတင်ဗင် မျူချင်တို့အပါအဝင် ထိပ်တန်းတာဝန်ရှိသူများနှင့် တွေ့ဆုံမည် ဖြစ်ကြောင်း သိရသည်။

ယခုအစည်းအဝေးတွင် နှစ်နိုင်ငံကုန်သွယ်ရေးသဘောတူညီချက်ရရှိရန် အမှန်တကယ် ကြိုးပမ်းကြမည်ဆိုပါက နှစ်ဦးနှစ်ဖက်အကျိုးရှိပြီး စစ်မှန်သော သဘောတူညီချက်တစ်ရပ် ထွက်ပေါ်လာ မည်ဖြစ်ကြောင်း သမ္မတထရန့်က အိမ်ဖြူတော်၌ မီဒီယာများသို့ ပြောကြားခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာလတွင် သမ္မတထရန့်က တရုတ်သွင်းကုန်ပစ္စည်းများကို ၁၀ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်းအထိ အခွန်တိုးမြှင့်ကောက်ခံမှုကို ယာယီရပ်ဆိုင်း ထားပြီး နှစ်နိုင်ငံကုန်သွယ်ရေးဆိုင်ရာ သဘောတူညီမှုရရှိရေးအတွက် ညှိနှိုင်းရန်အချိန် သုံးလခွင့်ပြုခဲ့သည်။

တရုတ်ကိုယ်စားလှယ်အဖွဲ့တွင် ကုန်သွယ်ရေးကဏ္ဍ၌ နှံ့စပ်ကျွမ်းကျင်သူ ဒုတိယဝန်ကြီးချုပ် လွိုင်ဟေးနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌ ယီဂန်းတို့ ပါဝင်မည် ဖြစ်သည်။

အဆိုပါနှစ်နိုင်ငံ ကုန်သွယ်ရေးကိုယ်စားလှယ်များသည် လွန်ခဲ့သောလက ဝါရှင်တန်မြို့တွင် တွေ့ဆုံခဲ့ပြီး ကုန်သွယ်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။ သို့သော် ကုန်သွယ်ရေး သဘောတူညီချက်ကို ချမှတ်နိုင်ခြင်း မရှိခဲ့ပေ။ တရုတ်နိုင်ငံက အမေရိကန်၏သွင်းကုန်ပစ္စည်းများကို ယခင်ကထက် ပိုမိုဝယ်ယူမည် ဖြစ်ကြောင်း ကမ်းလှမ်းထားကြောင်း သိရသည်။

ယခုအချိန်အထိ နှစ်နိုင်ငံကုန်သွယ်ရေးကဏ္ဍတွင် အမေရိကန်ဒေါ်လာ ၃၆၀ ဘီလီယံကျော် အခွန်အခကောက်ခံ ထားပြီးဖြစ်သည်။ အဆိုပါ အခွန်အခနှုန်းသည် နှစ်နိုင်ငံ ထုတ်လုပ်ရေး ကဏ္ဍများအပေါ် ချိန်ဆတွက်ချက်နိုင်ပြီး ကမ္ဘာ့စီးပွားရေးဈေးကွက်ကို လှုပ်ခတ်စေခဲ့သည်။   

(ကြေးမုံ)